မောင်စာဂ

 

နိုင်ငံတော်အချုပ်အခြာအာဏာဟူသည် နိုင်ငံတိုင်းတွင်ရှိသည်။ လွတ်လပ်သော နိုင်ငံတိုင်းတွင် မိမိတို့ပိုင်ဆိုင်သော နိုင်ငံတော်အချုပ်အခြာအာဏာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိကြသည်။ ဤတွင် နိုင်ငံတော်အချုပ်အခြာအာဏာဟူသည် အဘယ်နည်း။ နိုင်ငံတော်အချုပ်အခြာအာဏာ ဘယ်မှာတည်သနည်း။ မည်သို့မည်ပုံ ကျင့်သုံးသနည်း။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများပါ ပြဋ္ဌာန်းချက်များကို အကိုးအကားပြု၍ မျှဝေပါရစေ။

 

နိုင်ငံတော်အချုပ်အခြာအာဏာ

 

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ကျင့်သုံးနေသော နိုင်ငံတော်အချုပ်အခြာအာဏာဟူသည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ဆိုခြင်းဖြစ်သည်။ ဤအချုပ်အခြာ အာဏာသုံးရပ်သည် နိုင်ငံတိုင်းတွင် တူညီစွာရှိကြသည်။ သို့ရာတွင် ခွဲဝေကျင့်သုံးရာ၌ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပုံသဏ္ဌာန်ခြင်း မတူညီကြပါ။

 

နိုင်ငံတော်အချုပ်အခြာအာဏာတည်ရာ

 

မြန်မာနိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေဖြစ်သည့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃ တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌ တည်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄ တွင် ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာအားလုံးကို နိုင်ငံသားတို့ထံမှခံယူ၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ခန့်အပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ သို့တည်းမဟုတ်ပြည်ထောင်စုအဖွဲ့ဝင်များ၏ လုပ်ငန်းအဖွဲ့များနှင့်အရာရှိများကသော်လည်းကောင်း၊ ထိုအဖွဲ့များနှင့်အရာရှိများ၏ အခွင့်အာဏာအရသော်လည်းကောင်း နိုင်ငံသားတို့၏ ကိုယ်စားသုံးစွဲနိုင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

 

မြန်မာနိုင်ငံ၏ ဒုတိယမြောက် အခြေခံဥပဒေဖြစ်သည့် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ တွင်နိုင်ငံတော်၏ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသည် တောင်သူလယ်သမားများနှင့် အလုပ်သမားများကို အခြေခံသော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံသားများ၌တည်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတို့က ရွေးချယ်တင်မြှောက်သည့် ပြည်သူ့လွှတ်တော်သည် အချုပ်အခြာအာဏာကို နိုင်ငံသားများထံမှခံယူ၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သုံးစွဲခြင်း၊ ခွဲဝေအပ်နှင်းခြင်းပြုသည်ဟူ၍ ပြဋ္ဌာန်းထားသည်။

 

မြန်မာနိုင်ငံ၏ တတိယမြောက် အခြေခံဥပဒေဖြစ်သည့် ၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌တည်သည်။ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းအချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်ဟူ၍ ပြဋ္ဌာန်းထားသည်။

 

အချုပ်အခြာအာဏာမည်သို့လွှဲအပ်သနည်း

 

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရလည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာသည် နိုင်ငံသားများထံတွင်တည်ကြောင်း မြင်တွေ့ရသည်။ ဤသည်မှာ တူညီသောအချက်ဖြစ်သည်။ သို့ရာ တွင် နိုင်ငံသားများသည် မိမိတို့၌တည်သော နိုင်ငံတော်အချုပ်အခြာအာဏာကို ကိုယ်စားပြုလွှဲပြောင်းပေးအပ်ရာ၌မူ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြဋ္ဌာန်းချက်များအတိုင်းသာဖြစ်သည်။

 

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိပြီး ယင်းလွှတ်တော်တစ်ရပ်စီအတွက် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများက ဆန္ဒမဲပေး၍ လွှဲအပ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တစ်ရပ်တည်း ထားရှိပြီး ယင်းပြည်သူ့လွှတ်တော်၏ ကိုယ်စားလှယ်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများက ဆန္ဒမဲပေး၍ လွှဲအပ်သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဟူ၍ထားရှိပြီး ယင်းလွှတ်တော်များအတွက် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများကဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကာ လွှဲအပ်သည်။

 

ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိခြင်း

 

နိုင်ငံသားများသည် မိမိတို့၌တည်သော နိုင်ငံတော်အချုပ်အခြာအာဏာကို ကိုယ်စားပြုလွှဲအပ်ရာ၌ ရွေးကောက်ပွဲများကျင်းပပြီး ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်ခြင်းဖြင့် လွှဲအပ်နိုင်သည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသည်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြသည်။

 

နိုင်ငံသားများသည် မိမိတို့၌တည်သော နိုင်ငံတော်အချုပ်အခြာအာဏာကို ကိုယ်စားပြုလွှဲယူရာ၌ မိမိတို့ကိုယ်တိုင် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံမှ ဆန္ဒမဲအများဆုံးရယူကာ ရွေးကောက်တင်မြှောက်ခံရခြင်းဖြင့် လွှဲယူနိုင်သည်။ ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက်အသက် ၂၅ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ညီညွတ်သော နိုင်ငံသားများသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်ပါက အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေကျင့်သုံးပုံ

 

နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်။ [ ပုဒ်မ ၁၂ (က) ]

 

ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတစ်ဝန်းလုံးအတွသော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။ [ပုဒ်မ ၉၆]

 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည်ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။ [ပုဒ်မ ၁၈၈] 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့တိုင်း သို့မဟုတ်ဒေသအတွက် ဇယား ၃ တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုခွင့်အာဏာကို ခွဲဝေအပ်နှင်းသည်။ [ပုဒ်မ ၁၉၆]

 

နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်။ နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ [ပုဒ်မ ၁၇ (က) နှင့် ၁၉၉ (က)] 

 

နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။ ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။ [ပုဒ်မ ၁၈ (က) နှင့် (ခ) ]

 

နိုင်ငံသားများသည်သာ

 

နိုင်ငံသားများသည် မိမိတို့၌တည်သော နိုင်ငံတော်အချုပ်အခြာအာဏာကို ရွေးကောက်ပွဲများကျင်းပကာ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကိုယ်စားပြုလွှဲအပ်နိုင်သော်လည်း ငါးနှစ်သက်တမ်းကာလအတွက်သာ ဖြစ်သည်။ ငါးနှစ်ပြည့်မြောက်သွားလျှင်ထပ်မံ၍ ရွေးကောက်ပွဲများကျင်းပကာ မိမိတို့ကြိုက်နှစ်သက်သူများကို ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ခြင်းဖြင့် မိမိတို့၌တည်သော အချုပ်အခြာအာဏာကို ကိုယ်စားပြုလွှဲအပ်နိုင်သည်။ လွှဲအပ်ခြင်းကိုရယူလိုသူများသည်လည်း ဥပဒေနှင့်အညီ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကာ မဲဆန္ဒရှင်များ၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရယူကြရပါမည်။ စင်စစ်တွင်မူနိုင်ငံတော်၏ အချုပ်အခြာအာဏာဟူသည် အစဉ်သဖြင့် နိုင်ငံသားများထံတွင် တည်နေကြောင်းပါဗျာ။

 

-နိုင်ငံတော်အချုပ်အခြာအာဏာနိုင်ငံသားများ၌

 

- နိုင်ငံတော်အချုပ်အခြာအာဏာ နိုင်ငံသားများ၌ အစဉ်ထာဝရတည်နေပါစေ၊အစဉ်ထာဝရတည်နေပါစေ၊

 

-နိုင်ငံတော်အချုပ်အခြာအာဏာအစဉ်ထာဝရ

 

- နိုင်ငံတော်အချုပ်အခြာအာဏာ အစဉ်ထာဝရ တည်တံ့ခိုင်မြဲနေပါစေ၊ တည်တံ့ခိုင်မြဲနေပါစေ၊

 

-လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ

 

- လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ထွန်းပေါ်ပေါက်နေပါစေ။ဖြစ်ထွန်းပေါ်ပေါက်နေပါစေ

 

 

မော်