မန္တလေး ၃၁ မတ်

နိုင်ငံသားတစ်ဦးချင်းအနေနဲ့ Lockdown လို အခြေအနေမျိုးမရောက်ရှိစေရန်နှင့် ရောက်ရှိလာပါကလည်း ပမာဏနည်းအောင်ပူးပေါင်းဆောင်ရွက်ပေးရန် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

COVID-19 ရောဂါ၏ တတိယလှိုင်းကို မြန်မာနိုင်ငံတွင် ထိခိုက်မည်ကို ကြိုတင်တွက်ဆထားပြီး ပြင်ဆင်မှုများပြုလုပ်ထားခဲ့ကြောင်း ဦးဇာနည်အောင်က ပြောသည်။

"Lockdown လုပ်တယ်ဆိုတာက အစိုးရကဦးစီးပြီး သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနဲ့ စနစ်တကျ အသွားအလာကို ကန့်သတ်တာပဲ ဖြစ်တယ်။ Lockdown လုပ်တယ်ဆိုတာကို အသေအချာ နားလည်ဖို့လိုတယ်။ Lockdown လုပ်တယ်ဆိုတာ ကမ္ဘာစစ်ကြီးဖြစ်သလို မဟုတ်ပါဘူး။ စီမံခန့်ခွဲ အုပ်ချုပ်တဲ့အဖွဲ့တွေက သွားလာမှု၊ အိမ်အပြင်ထွက်မှုကို ကန့်သတ်တာသာဖြစ်တယ်။ စီမံခန့်ခွဲ အုပ်ချုပ်တဲ့အဖွဲ့ တစ်နည်းအားဖြင့် အစိုးရက ကန့်သတ်ထားတဲ့အဖွဲ့က ကန့်သတ်ပြည်သူ ပြည်သားများရဲ့ စားဝတ်နေရေး ကိစ္စတွေကို တစ်ပါတည်း စီမံပြီးသားဖြစ်တယ်။”ဟု ဦးဇာနည်အောင်ကဆက်ပြောသည်။

ထို့အပြင် ပြည်သူများအနေနဲ့ဈေးသွားခြင်း၊ အပြင်ထွက်ခြင်း၊ လူစုလူဝေးနေရာသွားလာမှုကို ရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။


တစ်ရက်တစ်ကြိမ်ဈေးသွားရင် သုံးရက်တစ်ကြိမ်ဈေးသွားပါ။ ပုံစံလေးနည်းနည်းပြောင်းလိုက်ပါ။ ဒီလိုပုံစံပြောင်းရင်းကနေ ဒီရောဂါရဲ့ တတိယလှိုင်းပြင်းထန်တဲ့ ရိုက်ချက်တွေမခံရအောင် ညီညီညွတ်ညွတ်ဆောင်ရွက်ဖို့လိုပါတယ်”ဟု ဦးဇာနည်အောင်ကပြောသည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါကြောင့် မန္တလေးမြို့ရှိဈေးများကို စားသောက်ကုန်နှင့် ဆေးဝါးများချန်ကာ ပိတ်ထားကြောင်း သိရသည်။

ဖြိုးအိ