မိမိတို့နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး ရှည်လျားသည့် သမိုင်းစဉ် တစ်လျှောက်မှ ကြွင်းကျန်ရစ်ခဲ့သည့် အမွေအနှစ်များက နိုင်ငံတစ်နံတစ်လျားတွင် အနှံ့အပြား တည်ရှိနေကြသည်။ ယဉ်ကျေးမှုအမွေအနှစ် ဒြပ်ရှိပစ္စည်းများသည် အတိတ်သမိုင်း၏ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသနေသည့် သက်သေအထောက်အထားများပင်ဖြစ်ရာ မပျောက်ဆုံး မပျက်စီး စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လိုသည်။ ဒေသတစ်ခုတွင် တည်ရှိနေသည့် ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းသည် ဒေသ၏ ဂုဏ်ဒြပ်ပင်ဖြစ်ရာ ဒေသခံပြည်သူများက အဓိကတန်ဖိုး ထား ထိန်းသိမ်းပေးကြမှသာ နိုင်ငံတော်အဆင့် ထိန်းသိမ်းမှု၊ သုတေသနပြု လေ့လာမှုမပြုနိုင်သေးခင် မပျောက်မပျက် တည်ရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်များအနက် ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းလျက်ရှိသော ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်မှုများ၊ အမှိုက်သရိုက်စွန့်ပစ်မှုများ၊ မြေများတူးဖော်ခြင်း၊ တောင်များဖြိုခြင်း၊ မြေဖို့ခြင်း စသည်တို့ကြောင့် မူလမြေမျက်နှာသွင်ပြင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရခြင်းတို့က မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ယူနက်စကိုက အသိအမှတ်ပြုရေးတွင် စိန်ခေါ်မှုများ ဖြစ်ခဲ့သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးဖြစ်သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင်လည်း နောက်တိုးအခြေခံ အဆောက်အအုံများနှင့် မဆင်မခြင် တည်ဆောက်မှုများကြောင့် ပုဂံ၏ရှေးခေတ်ကတည်းက ရှိခဲ့သည့် ရေစီးရေလာများ ပျက်စီးသွားကာ ရှေးဟောင်းသာသနိက အဆောက်အအုံ ဘုရားပုထိုးများတွင် ရှေးကမဖြစ်ဖူးခဲ့သည့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သလို မူလမြင်ကွင်းကို ပိတ်ဆို့မှု၊ ပြောင်းလဲစေမှုများရှိကြောင်း ဝေဖန် သုံးသပ်မှုများကိုလည်း တွေ့ရသည်။
ထို့အပြင်တောင်ငူခေတ်၊ ဟံသာဝတီခေတ် ဘုရင်များ နန်းစိုက်ခဲ့ရာ အထင်ကရမြို့ကြီးများဖြစ်သည့် တောင်ငူနှင့်ပဲခူး ဟံသာဝတီ နန်းတော်ရာများတွင်လည်း ကျူးကျော်ဝင်ရောက် နေထိုင်သူများ၊ မဆင်မခြင် ဖျက်ဆီးရှင်းလင်း သူများကြောင့် သမိုင်းတန်ဖိုးကြီးမားလှသည့် ရှေးခေတ်ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများရှိနေရာ အချိန်မီ တားမြစ်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်း၊ ဒေသခံပြည်သူများက ဝိုင်းဝန်းစောင့်ရှောက်ခြင်းဖြင့်သာ ဆက်လက်တည်တံ့ နိုင်မည်ဖြစ်သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နှင့် ခေတ်ပြိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်မှုများဖြင့် ၎င်းတို့၏ အတိတ်သမိုင်းကို ကမ္ဘာက နားလည်အသိ အမှတ်ပြု တန်ဖိုးထားလာအောင် ဆောင်ရွက်နေကြချိန်တွင် မိမိတို့နိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များမှာမူ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသည့်အပြင် ဒေသခံအချို့၏ကိုယ်ကျိုး အတွက် ဖျက်ဆီးမှု၊ ဖျောက်ဖျက်မှုများကြောင့် ကာလတာရှည်သည်နှင့် အမျှအစအနပင် မကျန်အောင် ပျောက်ကွယ်သွားကြမည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဟု ဆိုရာတွင် အိုးခြမ်းပဲ့ ကလေးတစ်စမှသည် နန်းတော်မြို့ရိုးကြီး တစ်ခုအထိ ကြီးသည် ငယ်သည်မရွေး၊ အတိတ်သမိုင်းကို ပြန်ပြောပြနေသည့် ပစ္စည်းများအဖြစ် သူ့တန်ဖိုးနှင့်သူ ရှိကြသည်။ ကျောက်ပုတီးစေ့ကလေးများ၊ ကြေးထည်ကြေးသွန်း ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများ စသည်တို့မှာလည်း ပစ္စည်းတန်ဖိုးသာမက၊ အနုပညာလက်ရာတန်ဖိုး၊ သမိုင်းတန်ဖိုးတို့လည်းရှိနေရာ တန်ဖိုးကြီးလှသည်။ နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများသည် ဥပဒေဖြင့် အကာအကွယ်ပေးထားသကဲ့သို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြရမည့် အမျိုးသားအမွေအနှစ်များပင် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း