နေပြည်တော် ၂၀ မတ်

နိုင်ငံသူ နိုင်ငံသားတိုင်းတွင် မူလအခွင့်အရေးများရှိသလို တာဝန်များလည်း ရှိသည်ဆိုသည်ကို မိမိတို့မကြာခဏ မေ့လျော့နေလေ့ရှိသည်။ ဤသို့ အခွင့်အရေးများနှင့်အတူ တာဝန်များလည်းရှိကြောင်း မသိနားမလည် သူများ၊ စိတ်မဝင်စားသူများ၊ မိမိနှင့် မသက်ဆိုင်ဟု ထင်မြင်ယူဆသူများလည်း ရှိကြသည်။ နိုင်ငံသူ နိုင်ငံသားတိုင်း၏ တာဝန်ဟုဆိုရာတွင် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်နှင့် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ထမ်းဆောင်ရမည့် တာဝန်များဟူ၍ အနှစ်ချုပ်အားဖြင့် ဆိုနိုင်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးဦးတည် အကောင်အထည်ဖော်မှုများသည် မျက်မှောက်ကာလ မိမိတို့နိုင်ငံသား အားလုံး၏ နိုင်ငံတည်ဆောက်ရေးတာဝန်၊ တစ်ဦးချင်းမှသည် အားလုံးအတွက် နိုင်ငံရေးတာဝန်ပင်ဖြစ်သည်။ နိုင်ငံရေးကို မိမိတို့စိတ်မဝင်စား၊ နိုင်ငံရေးသည် မိမိတို့နှင့်မသက်ဆိုင်ဟု ငြင်းဆန်၍မရ။ ပြည်သူလူထု အနေနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ရယူလို၊ ခံစားလိုပါလျက် ဒီမိုကရက်တစ် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခြင်း မရှိ၊ အနေဝေး ကင်းကွာနေမည်ဆိုပါက ကိုယ်ကျိုးရှာလိုသူတို့က နေရာယူ လွှမ်းမိုးလာသည်တို့နှင့် ကြုံကြရမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြရပေမည်။

ဥပမာတစ်ခုဆိုရပါက လူလတ်တန်းစား ရပ်ကွက်ကြီးတစ်ခုတွင် ရုံးဝန်ထမ်း အရာထမ်းများ၊ တက္ကသိုလ်ဆရာ ဆရာမများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ကုန်သည်လုပ်ငန်းရှင်များ စသည်တို့ နေထိုင်ကြပြီး ဝင်ငွေအတန်အသင့် ကောင်းမွန်ကာ လူနေမှုအဆင့်အတန်းလည်း အထိုက်အလျောက်ရှိကြသည်။ တစ်ခါသော် အုပ်ချုပ်ရေးစနစ် အပြောင်း အလဲတစ်ခုတွင် အဆိုပါ ရပ်ကွက်ကြီး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့လိုအပ်လာသည်။ ထိုအခါ အထက်တွင် ဆိုခဲ့သည့် ရပ်ကွက်နေပုဂ္ဂိုလ်များအနက်မှ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ကို ယူလိုသူ တို့ တစ်ဦးတစ်ယောက်မှ ထွက်မလာ။ နောက်တော့ ပြီးလျှင် ပြီးရော သဘောဖြင့် မြို့နယ်အုပ်ချုပ်ရေးမှ ခန့်ပေးလိုက်သူများ သူတို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးသို့ ရောက်လာသည်။ ထိုသူများသည် ရပ်ကွက်နေသူတို့ထက် ပညာအရ၊ ဝါအရ၊ သမ္ဘာအရ၊ လူမှုအဆင့်အတန်းအရ များစွာ နိမ့်ကျသူများ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသူများထံမှာပင် ထောက်ခံစာသွား တောင်းရ၊ ခွင့်ပြုချက်သွားယူရ စသည်တို့ လုပ်လာရသည့်အခါမှ ရပ်ကွက် နေသူတို့ နောင်တရကြသည်ကို တွေ့ခဲ့ရဖူးသည်။

ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်မည်ဆိုပါက ပြည်သူလူထုသည် နိုင်ငံရေးကို စိတ်မဝင်စား၍မရ။ ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေး ဆိုသည်မှာ မိမိတို့ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေ ပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စ တစ်နည်း အားဖြင့် လူ့ကိစ္စ” ဟူ၍ ဖွင့်ဆိုခဲ့သည်။ ဗိုလ်ချုပ်တို့ခေတ်တွင် လွတ်လပ်မှုကို ရယူလိုခြင်းအတွက် ဆောင်ရွက်ချက်များသည် နိုင်ငံရေးဖြစ်သည်။ မိမိတို့ခေတ် ပစ္စက္ခတွင်မူ ပုဂ္ဂိုလ်တစ်ဦးချင်း၏ အခွင့်အရေးနှင့် လွတ်လပ်မှု တို့ကို ရယူခံစားနိုင်ရေးနှင့် နိုင်ငံကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်ရမည့် အရေးကိစ္စများသည် နိုင်ငံရေးဖြစ်သည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း တည်းဟူသော လောကပါလတရားတို့အတွက် ဒီမိုကရေစီလူ့ဘောင်ကို မိမိတို့ အလို ရှိကြသည်ဆိုလျှင် ဒီမိုကရေစီစနစ်အစဉ်သဖြင့် ရှင်သန်ထွန်းကားဖို့ လိုအပ်သည်။ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရန်မှာလည်း ပြည်သူတို့၏ ထက်သန်သော ဆန္ဒနှင့် နိုင်ငံ့အရေးအရာများတွင် ပူးပေါင်းပါဝင်မှုတို့ အားကောင်းရန် လိုအပ်သည်။ မိမိတို့၏ တာဝန်များကို သယ်ပိုး ထမ်းဆောင်နိုင်သည့် စွမ်းရည်များလည်း ပြည့်ဝရမည် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး ယန္တရား (ဝါ) အစိုးရသည် ပြည်သူ့အစိုးရ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားပြီး ပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ ပြည်သူ့ကိုယ်စား ဆောင်ရွက်ကြရခြင်း ဖြစ်သည့်အလျောက် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းဆောင်တာများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားကောင်းသည်နှင့်အမျှ အောင်မြင်မှု ရလဒ်များလည်း မြင့်မားနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာ့အလင်း