၆ ဒီဇင်ဘာ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ဖြစ်ပွားနေသည်မှာ အချိန်ကာလအားဖြင့် ကိုးလခန့်ကြာမြင့်နေပြီ ဖြစ်သည်။ ရောဂါဖြစ်ပွားမှု အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် နိုင်ငံ့စီးပွားသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာမှု ပိုမိုမြင့်မားလာသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတော်ကို ပြန်လည်ရုန်းကန် တည်ဆောက်နိုင်ရေးအတွက် ပြည်သူများ အသိတရားဖြင့် သတိထားကာ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကျန်းမာရေးစည်းကမ်းများ လိုက်နာရေးတွင် အားနည်းမှုများရှိနေသဖြင့် ပြည်သူအများ လေးလေးနက်နက် ရှိစေရေးအတွက် အထူးသတိထားရမည့် အချက်များကို အသိပေးပြောကြားလျက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လူတစ်ယောက်ချင်းအလိုက် ကုန်ကျစရိတ်များနှင့် သတိပြု ဆင်ခြင်လိုက်နာသင့်သည့် အချက်များကို အသိပေး ပြောကြားခဲ့သည်။
ယခုအခါတွင် ကမ္ဘာပေါ်၌ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ပြီး မကြာမီ ဖြန့်ချိပေးနိုင်တော့မည် ဖြစ်သည်။ ထိုအခါ နိုင်ငံများအနေဖြင့် ကာကွယ်ဆေးများရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းကြမည်ဖြစ်သည်။ “ကာကွယ်ဆေး သုံးပြီးပြီဆိုရင် စီးပွားရေးပြန်ပြီးတော့ နာလန်ထူဖို့အတွက် အားလုံးဝိုင်းဝန်းပြီးတော့ ပြိုင်ကြမယ်။ ဒီပြိုင်တဲ့အထဲမှာ၊ ဒီပြိုင်ပွဲထဲမှာ ကျွန်မတို့က ဒီကမ္ဘာနဲ့ယှဉ်ပြီး ပြိုင်နေတဲ့ပွဲထဲမှာ ရှေ့ကိုရောက်ချင်တယ်ဆိုရင်တော့ အရင်းအမြစ်တွေ လိုပါတယ်။ လူသားအရင်းအမြစ်တွေလိုပါတယ်။ ငွေအရင်းအမြစ်တွေ လိုပါတယ်။ ကျွန်မတို့ လူသားအရင်းအမြစ်တွေလည်း မလိုအပ်ဘဲနဲ့ မပြုန်းတီးရအောင်၊ ငွေအရင်းအမြစ်တွေလည်း မလိုအပ်ဘဲ မပြုန်းတီးရအောင် အားလုံးကနေပြီးတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို သေသေချာချာလိုက်နာကြပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ တစ်သိန်းခန့်ရှိလာကာ ရောဂါပြင်းထန်ပြီး သေဆုံးသူ နှစ်ထောင်ကျော် ဖြစ်လာသည်။ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ချက်ဟူသမျှတွင် ကုန်ကျစရိတ်များရှိပြီး Quarantine ဝင်သူတစ်ဦးအတွက် ငွေကျပ် ခြောက်သိန်းခန့် ကုန်ကျသည်။ ရောဂါမပြင်းထန်သူ တစ်ဦးအတွက် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိကုန်ကျပြီး ရောဂါပြင်းထန်သည့်အဆင့် တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်းမှ သိန်း ၅၀ ကြား ကုန်ကျသည်။ ယင်းငွေများကို နိုင်ငံတော်က ကျခံပေးသည်။ ရောဂါမပြင်းထန်သူ လူတစ်ဦးစရိတ်သည် ကာကွယ်ဆေး အယောက် ၃၀၀ ထိုးပေးနိုင်ပြီး ရောဂါပြင်းထန်သူ တစ်ဦးစရိတ်သည် ကာကွယ်ဆေး အယောက် ၁၀၀၀ အထိ ထိုးပေးနိုင်မှုနှင့်ညီမျှသည်ဟု သိရသည်။
ကိုဗစ်-၁၉ရောဂါအတွက် နိုင်ငံတော်မှ ဘဏ္ဍာငွေသန်းပေါင်း အမြောက်အမြား အကုန်အကျခံပေးခဲ့ရပေသည်။ အဆိုပါ ဘဏ္ဍာငွေများကို ပြည်သူများအား ကာကွယ်ဆေးထိုးပေးရေးအတွက် လည်းကောင်း၊ ကိုဗစ်အလွန်ကာလတွင် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ပြည်သူလူထု လူမှုစီးပွားဘဝ ပြန်လည်မြှင့်တင်ပေးနိုင်ရေးအတွက် အသုံးချနိုင်လျှင် မည်မျှအကျိုးရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ အဆိုပါ ဘဏ္ဍာငွေများသည် နိုင်ငံတော် နှင့် ပြည်သူများအတွက် အသုံးပြုရမည့် ငွေများဖြစ်သည်။ အဆိုပါ ဘဏ္ဍာငွေများသည် ပြည်သူများ ကျန်းမာရေးစည်းကမ်းများ ပိုမိုလိုက်နာလျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့်ငွေများဖြစ်သည်။ စည်းကမ်းမလိုက်နာလျှင် နိုင်ငံနှင့်ပြည်သူ ဆုံးရှုံးနစ်နာမည့် ဘဏ္ဍာငွေများဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆက်နွှယ်ပါဝင်ပတ်သက်သော ဝန်ကြီးဌာနများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များ၊ အလှူရှင်များ၊ စေတနာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များအားလုံး တာဝန်ကျေခဲ့ကြပါပြီ။ လူတိုင်းလူတိုင်း ပြည်သူများ အသိတရားဖြင့် တာဝန်ကျေဖို့ပင်လိုပါသည်။ တာဝန်ကျေပွန်ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာတွင် များများဝင်၊ များများကူညီပြီး ကိုဗစ်အလွန်တွင် နိုင်ငံ့လူမှုစီးပွား ဦးမော့အောင် ကြိုးပမ်းရမည်ဖြစ်သည်။ ။