လွိုင်ကော်  ၂၁   အောက်တိုဘာ  

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်အတွင်း ဝက်သက်-ဂျိုက်သိုးကာရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ပြည်နယ်အဆင့် အသိပေး ဆွေးနွေးခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိ ခန်းမ ဆောင်၌ ကျင်းပသည်။

 

၁

 

ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားရာ ဝက်သက်ရောဂါဗိုင်းရပ်စ်ပိုးဟာ ဖြစ်ပွားပြီး အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဝက်သက်မပေါက်ဖူးသေးတဲ့ ရောဂါခုခံအားမရှိသေးတဲ့ လူတိုင်း ရောဂါကူးစက် ဖြစ်ပွားနိုင်ပါတယ်။ ဝက်သက်ကာကွယ်ဆေး မထိုးထားတဲ့၊ ထိုးပြီးသော်လည်း ခုခံအားမဖြစ်ပေါ်တဲ့ မည်သူမဆို ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဝက်သက်ကာကွယ်ဆေး မထိုးထားတဲ့ ကလေးငယ်များဟာ  ဝက်သက်ရောဂါနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ပါတယ် ။ ဂျိုက်သိုးရောဂါဟာ ဗိုင်းရပ်ပိုးကြောင့် ကူးစက်ရောဂါဖြစ်တယ်။ ကလေးတွေမှာ မပြင်းထန်သောရောဂါဖြစ်တယ်။ အပိန့်ထွက်ခြင်း၊ သာမန်ဖျားခြင်း၊ ပျို့ခြင်း၊ မျက်စိနီခြင်း၊ တွေကိုတွေ့ရတယ်။ ကိုယ်ဝန်ဆောင်တွေ ရောဂါကူးစက်ပြီဆိုရင် အချင်းမှတဆင့်  သန္ဓေသားကို ဝင်ရောက်နိုင်ပြီး ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေခြင်း နဲ့ မွေးရာပါ ဂျိုက်သိုးရောဂါ ခံစားရတဲ့ ကလေးများအဖြစ် မွေးရာပါနှလုံးရောဂါ ၊ မျက်စိအတွင်းတိမ်၊ ဘေလုံးကြီးခြင်း၊ အရေပြားအောက် သွေးအနီစက်တွေထခြင်း၊ ဦးခေါင်းခွံသေးငယ်ခြင်း၊ နားမကြား ဆွံ့အခြင်းများ ဖြစ်ပွားတတ်တာကြောင့် မိသားစုအတွက် လူမှုရေး၊ စီးပွားရေးများစွာကို ထိခိုက်စေပါတယ်။ ဟု ပြောကြားသွားသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ ခင်ဌေးရွှေက နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့သည်။

 

အဆိုပါ အသိပေးဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊မြို့နယ်၊ခရိုင်များမှ ကျန်းမာရေး ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ကိုစိုင်း (လွိုင်ကော်)