သံဖြူဇရပ်

 

ဒီဇင်ဘာလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီတွင်၊ သံဖြူဇရပ် မြို့မဈေးအရှေ့မှစတင်ကာ မော်လမြိုင်ကားလမ်းမကြီးအတိုင်း၊ ဖောင်စိန်ရပ်ကွက်သို့ အသွား/ အပြန် (၄)မိုင် ခရီးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းထွဋ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၇၀ဝ)ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

 

ကျော်ဝင်း(သံဖြူဇရပ်)

 

ညောင်ဦး

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ(ပထမပတ်) ကို ယနေ့နံနက် ၅ နာရီကကျင်းပရာ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၁၀ဝ၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

လမ်းလျှောက်ပွဲကို ညောင်ဦးမြို့ ဘုရားနီလမ်းဆုံမှ စတင်ကာ လမ်းမတော်လမ်း နှင့် ရွှေစည်းခုံဘုရားလမ်းအတိုင်း လျှောက်လှမ်းခဲ့ပြီး ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝင်းအတွင်း၌ ကာယလေ့ကျင့်ခန်း အတွဲ(၁/၂/၃)နှင့် EIM လှုပ်ရှားမှုဖြစ်သော Physical Fitness Dance လေ့ကျင့်ခန်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါလမ်းလျှောက်ပွဲကို ယခုလအတွင်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

 

ဖေလိန်း(ပုဂံ)

 

တီးတိန်    

 

ချင်းပြည်နယ် တီးတိန်မြို့တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးဆောင်ပြီး ဒီဇင်ဘာ အားကစားလ လူထုစု​ပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်က ပြုလုပ်သည်။

 

လမ်းလျှောက်ပွဲကို မြို့မနာရီစင်မှစတင်၍ စကောလမ်းတက်လွီးလမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကမ်းဟောက်ဘောလုံးကွင်း၌ ကာယလေ့ကျင့်ခန်းများပြုလုပ်ကြောင်း သိရသည်။

 

ဒိုင်းဒိမ့်(ပြန်/ဆက်)

 

သာယာဝတီ     

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့တွင် ဒီဇင်ဘာ ၇ ရက်နံနက် ၅ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီး မင်းတဲလမ်းထိပ်မှ စတင်၍ လူထုလမ်းလျှောက်ပွဲ (တတိယ)ပတ်  ကျင်းပပြုလုပ်သည်။

 

လူထုလမ်းလျှောက်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ ကျောင်းသား ကျောင်းသူများ လူမူရေးအသင်းအဖွဲ့များ ရပ်ကွက်နေ ပြည်သူများ (၃၀ဝ)ဦးခန့် တက်ရောက်ကြပြီး အ.ထ.က(၁)အနီးရှိ မင်းတဲလမ်းထိပ်မှစတင်ကာ ရန်ကုန်-ပြည်လမ်း ဘူတာလမ်း ဈေးလမ်း ဓမ္မာရုံလမ်း မြို့ပတ်လမ်းမှ အမှတ်(၁)ခရိုင်အားကစားကွင်းအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)

 

သာစည်

 

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့၌  ဒီဇင်ဘာ ပထမပတ်     လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ စုရပ်ပြုပြီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင် ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ စုပေါင်းလမ်းလျှောက်ရာတွင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့စုရပ်မှ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ မင်းလှကန်  ရှင်ရဲတစ်ထောင် (ရှင်ပင်သစ္စာရ) ဘုရားအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး  မင်းလှကန်ဘောင်ထိပ်ကွင်းပြင်၌ ကိုယ်လက်လေ့ကျင့်ခန်း များ၊  (Myanmar  Fitness Dance) များကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးကျော်ဌေးဦး (ဒုလ /ထ ကြီး ကြပ် ရေးမှူး)   ဦးဆောင်၍   စုပေါင်း  ပြုလုပ်ခဲ့ကြသည်။   

 

အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲကို  ဒီဇင်ဘာ အားကစားလအတွင်း အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ခန့်စစ်အောင်

 

ကသာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူလုထုများ ကျန်းမာကြံ့ခိုင်စေရန် နှင့် စည်းလုံးညီညွတ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲအား ယနေ့ နံနက် (၅) အချိန်က ကသာမြို့၊ ဗိုလ်ချုပ်ရုပ်ထုရှေ့မှ စတင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

 

အဆိုပါလမ်းလျှောက်ပွဲသို့ ကသာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများ စုစုပေါင်း (၁၇၅ဝ)ဦး ခန့်  စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဧရာဝတီ မြစ်ကမ်းနားလမ်းအတိုင်း ပတ်၍ မီတာ(၄၀ဝ) အားကစားကွင်းအတွင်းဝင်ရောက်ကာ စုပေါင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

 

ထို့နောက် ကသာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ဒေါ်ဌေးဌေးဝင်း ဦးဆောင်၍ ကျောင်းသူများနှင့်အတူ Myanmar Fitness Dance အကများ ကပြကစားခဲ့ကြသည်။

 

အဆိုပါ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲအား အပတ်စဉ် စနေနေ့တိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းထက်(ပြန်/ဆက်)

 

လှည်းကူး     

 

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၁၉ခုနှစ် ဒီဇင်ဘာ အားကစားလ(ပထမ)အပတ် စုပေါင်းလူထုလမ်းလျှေက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့မဈေး ရှေ့မှစတင်၍ ဒရယ်ဘိုရွာထိပ်အထိ ပြည်သူလူထု အင်အား(၃၀ဝ)ဦးခန့်တို့က ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

 

၂၀၁၉ခုနှစ် ဒီဇင်ဘာအားကစားလ (ပထမ)အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲသို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူလူထု စုစုပေါင်း(၃၀ဝ)ဦးခန့်တို့က စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပျော်ရွှင်စွာ စုပေါင်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)

 

ပေါင်

 

ဒီဇင်ဘာလလူထု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီခန့်က ပေါင်မြို့နယ်၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများတို့မှ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

အဆိုပါလူထုလမ်းလျှောက်ပွဲအား ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှ စ၍ စုပေါင်းလမ်းလျှောက်ကြပြီး ပေါင်မြို့ မိုးလုံလေလုံအားကစားရုံခန်းမရှေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု သွေးပူလေ့ကျင့်ခန်းများ၊ Fitness Dance အကများကို စုပေါင်းကာ တပျော်တပါးပြုလုပ် ခဲ့ကြသည်။

 

ယင်းအပြင် လမ်းလျှောက်ပွဲလာရောက်ဆင်နွှဲသူများအား ကောက်ညှင်ထုပ်များ ကျွေးမွေးခြင်းများ အပြင် နေ့ချင်းပြီးအားကစားပြိုင်ပွဲများလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)

 

ပခုက္ကူ

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ လူထုအားကစားလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ လပထမအပတ် လူထုလမ်းလျှောက်ပွဲကို ပခုက္ကူမြို့၌ ဒီဇင်ဘာလ ၇ ရက် နံနက် ၅ နာရီအချိန်က ကျင်းပသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံရှေ့၊ မြို့မလမ်းတွင် စုရပ်ပြီး စတင်တာထွက်ကြသည်။ ဆက်လက်၍ မြို့မလမ်းမှ မြိုင်လမ်း၊ မြိုင်လမ်းမှ အမှတ်(၆)ရပ်ကွက် လမ်းအတိုင်းစုပေါင်းလမ်းကြပြီး ခရိုင် ဘောလုံးအားကစားကွင်းသို့ ပန်းဝင်ကြသည်။

 

အဆိုပါလမ်းလျှောက်ပွဲတွင် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်နှင့်ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သွားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပခုက္ကူပညာရေးကောလိပ်ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/မများနှင့်ကျောင်းသား/ သူများ စုစုပေါင်းဦးရေ( ၁၀၃၀)ကျော် ပါဝင်ဆင်နွှဲကြပြီး Myanmar Fitness Dance အဖွဲ့မှ ဦးဆောင်၍ တေးသီချင်းများဖြင့် ကြပြဖျော်ဖြေခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းအမှတ်စဉ်များကို စုပေါင်း ပြုလုပ်ကြသည်။

 

ထို့အပြင် ပခုက္ကူခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ကြသည့် ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသူများအား တာရာဘောလုံးကွင်းသွင်း၊ အလျားခုန်၊ သံလုံးပစ်၊ ဂုန်နီအိတ်စွပ်ပြေးစသည့် ပြိုင်ပွဲများကျင်းပပေးပြီး ဆုရရှိသူများအား တာဝန် ရှိသူများ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး

 

အမ်း  

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၇)ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

 

လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ အသင်းအဖွဲ့ဝင် များ၊ ကျောင်းသားကျောင်းသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ပဲပဒုံစစ်ဆေးရေး ဂိတ်အထိလည်းကောင်း၊ ထိုမှတဆင့် အမှတ်(၃)အားကစားကွင်းအထိ (၆)မိုင်ခန့် စုပေါင်းလမ်းလျှောက် ခဲ့ကြသည်။

 

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ ကိုယ်လက်ကြံ့ခိုင် ရေးလေ့ကျင့်ခန်းအတွဲ တစ်၊ နှစ်၊ သုံးတို့ကိုပြုလုပ်ခဲ့ကြသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ လအတွင်း စနေနေ့တိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်ပြန်/ဆက်

 

တံတားဦး

 

ကိုယ်လက်လှုပ်ရှား အားကစားအဖြစ် ဒီဇင်ဘာပထမပတ်လူထုစုပေါင်း လမ်းလျှောက်ပွဲကို  ယနေ့နံနက်(၅)နာရီက တံတားဦးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှ စတင်ကြောင်း သိရသည်။

 

အဆိုပါလမ်းလျှောက်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှ မြို့တွင်းလမ်းမကြီးမှ တဆင့် ဆုံကုန်းလမ်း  ထိုမှတဆင့် တစီးရှင်လမ်းမကြီးအတိုင်းလျှောက်ကြရာ အမှတ်(၁)ရပ်ကွက် သမိုင်းဝင် ဆေးအိုးဖိုဘုရား အနီးတွင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁နှင့်၂)ကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သရုပ်ပြသသင်ကြားပေး၍ စုပေါင်းလုပ်ဆောင်ကြသည်။

 

ဒီဇင်ဘာပထမပတ်လူ ထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ အထက-တံတားဦးနှင့် မြို့မအလကကျောင်းမှ ကျောင်းသား/ သူများ စုစုပေါင်းအင်အား(၅၀၀)ဦးတို့က တပျော်တပါးဆောင်ရွက်ကြကြောင်း သိရှိရသည်။

 

ရဲတင့်

                                                                                                                  

ကရသူရိ

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ ကျောင်သား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ ပါဝင်သော ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်က မြို့ဘောလုံးအားကစားကွင်း၌ ပြုလုပ်သည်။

 

စုပေါင်းလမ်းလျှောက်ပွဲကို အမှတ်(၁)ရပ်ကွက်၊ အထကကျောင်းရှေ့မှ စတင်ထွက်ခွာကြရာ မြို့တွင်း/မြို့ပြင် တစ်လျှောက် စုပေါင်းလမ်းလျှောက်ခြင်း၊ မြို့ဘောလုံးကွင်း၌ ကာယ   လေ့ကျင့်ခန်းများနှင့် ကျန်းမာကြံ့ခိုင်နည်းလမ်းများကို စုပေါင်းလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံအားကစား ဝါသနာရှင်များဖြင့်   ဒီဇင်ဘာအားကစားလ    လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ရပ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)

 

ပြင်ဦးလွင်

 

ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများဖြစ်လာစေရန်အတွက် အေးမြသော ဆောင်းဟေမာန်ရာသီ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ လူထုလမ်းလျှောက်ပွဲကို စုပေါင်းရုံးလမ်းနှင့် မြို့ပတ်လမ်းဆုံရပ်မှ  တိုင်းဒေသကြီး -လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း နှင့် ခရိုင်အားကစားမှူး ဦးကျော်သူဆွေတို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများပါဝင်သော အင်အား ( ၁၂၃၀ ) ဦးတို့သည် နံနက် ၆ နာရီတွင် စတင်ထွက်ခွာခဲ့ရာ စုပေါင်းရုံးလမ်းဆုံမှမြို့ပတ်လမ်း၊  ဂန္ဓမာမြိုင်အဝိုင်း မှ  နန္ဒာလမ်းအတိုင်း၊ ယင်းမှ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အထိ စုပေါင်း လမ်းလျှောက်ကြပြီး  အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်ကြပြီး  စုပေါင်းလူထုလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွဲကြသူများအားကော်ဖီ နှင့် ကောက်ညှင်းပေါင်းတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)

 

မုံရွာ

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၅)နာရီ(၃၀)မိနစ်က မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများဖြင့် ကျင်းပခဲ့ကြောင်း  သိရသည်။

 

၂၀၁၉ ခုနှစ်ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ်အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများမှ ဦးဆောင်ပြီး မုံရွာမြို့ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှစတင်ပြီး တောင်ဘက်ရှိ မြန်မာ့ စီးပွားရေးဘဏ် လမ်းဆုံအထိ ၄င်းမှ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းသို့ စုပေါင်းလမ်းလျှောက် ကြသည်။

 

စုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းမြက်ခင်းပြင် တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)နှင့်(၂)နှင့် Fitness Dance အကတို့အား စုပေါင်းလေ့ကျင့် ခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၁၉ ခုနှစ်ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲများကို ဒီဇင်ဘာလ(၁၄)ရက်၊ (၂၁)ရက်၊ (၂၈)ရက်တို့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

ဂန့်ဂေါ 

 

ဒီဇင်ဘာ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ဂန့်ဂေါမြို့၌ ပြုလုပ်ရာ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၄၀၀၀ ဦးခန့် ပါဝင်ဆင်နွှဲကြသည်။

 

စုပေါင်းလမ်းလျှောက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှ ဗိုလ်ချုပ်လမ်း၊ ရွှေပြည်ဆိပ်ဦးဘုရားလမ်းမှ ကျောတိုက်ရပ်ကွက် လေယာဉ်ကွင်းလမ်း၊ ထိုမှတစ်ဆင့် အ.ထ.က ကျောင်းလမ်းနှင့် မြို့ပတ်လမ်းတို့တွင် စုပေါင်းလမ်းလျှောက်ကြ၍ ထိုမှတစ်ဆင့် ဂန့်ဂေါမြို့ ခရိုင်အားကစားကွင်း၌ Physical Fitness Dance အကသင်တန်းသူ/သင်တန်းသားများကဦးဆောင်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြကြောင်းနှင့် စေတနာရှင်တစ်ဦး၏ပံ့ပိုးမှုဖြင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်းပေါင်းများ ဝေငှပေးကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)