နေပြည်တော် ၂၄ ဇူလိုင်
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပြင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသည့် စာရင်းများအရ ကျွန်း ၁၁၉ ဒသမ ၉၀၁၂ တန်၊ သစ်မာ ၇၇ ဒသမ ၈၃၉၂ တန်၊ အခြားသစ် ၉၄ ဒသမ ၃၈၉၀ တန် စုစုပေါင်း (၂၉၂ ဒသမ ၁၂၉၄)တန်၊ ပြစ်မှုကျူးလွန်သူ ၆၁ ဦးနှင့် ယာဉ်၊ ယန္တရား ၅၁ စီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီး ရမိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တပ်လွင်ကြိုးဝိုင်းအတွင်းမှ ကျွန်းနှင့်အင်ကြင်း ၂၅ ဒသမ ၅၃၃၂ တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်