နေပြည်တော် ၂၂ ဇန်နဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် တင်သွင်းသည့် “နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စာကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်၌ အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုနှင့် စပ်လျဉ်း၍ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦးက တစ်နိုင်ငံလုံး၏ စားကျက်မြေစုစုပေါင်း ဧက ၇ သိန်းကျော်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ် ဧကပေါင်း (၄၉)သန်းကျော်ရှိပါကြောင်း၊ နေထိုင်ရန် အခက်အခဲဖြစ်နေသည့် အိုးမဲ့အိမ်မဲ့များကို ဒေသများတွင်ရှိသည့် မြေလွတ် မြေလပ်မြေရိုင်းများတွင် နေရာချထားပေးနိုင်ရန် လိုအပ်နေပါကြောင်း၊ အမှန်တကယ် လိုအပ်နေသည့် အိမ်ယာမဲ့ ပြည်သူများကို မျှမျှတတ မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်ရေးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာကွာဟမှုနှင့် လူတန်းစား ခွဲခြားမှုများ ဖယ်ရှားနိုင်စေရန် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍအောက်၌ မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ခြင်းပါရှိသကဲ့သို့ စီမံခန့်ခွဲရေး ကဏ္ဍအောက်တွင် ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေးများ ပြုလုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဥပဒေ၏ သတ်မှတ်ချက်အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပေးတင်ပြ လိုပါကြောင်း၊ မြို့မြေ၊ ရွာမြေများကို ပြန်လည်စိစစ်ဖော်ထုတ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နိုင်သော နေရာများ၊ ရေရရှိနိုင်သောနေရာ၊ ဝင်ငွေအလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်သော နေရာများဖြစ်ရန် သတိချပ်စေလိုပါကြောင်း။
နောင်အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီးပွားရေးစီမံကိန်း နေရာများ၊ စက်မှုစီမံကိန်းနေရာများ၊ လယ်ယာစိုက်ပျိုးရေး စီမံကိန်းနေရာများနှင့် စီးပွားရေးအရ အချက်အချာကျသော၊ ဖွံ့ဖြိုးတိုးတက်လာနိုင်သော နေရာများတွင် မြို့ရွာစီမံကိန်များ ဖော်ထုတ်သင့်ကြောင်းကို အကြံပြုဆွေးနွေး လိုပါကြောင်း၊ စားကျက်မြေများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ထားရှိသင့်ပါကြောင်း၊ လက်တွေ့ မြေယာစီမံခန့်ခွဲနေသူများသည် နိုင်ငံပိုင်မြေနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများကို ခွဲခြားသိရှိထားရန် လိုအပ်ပြီး မှန်ကန်သော မြေယာစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထု၏ လိုလားချက်နှင့် နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နိုင်ငံ၏ တိုးတက်မှုနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အထောက်အကူပြု နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်း မြအောင်၊ လင်းခေး မဲဆန္ဒနယ်မှ ဦးစိုုင်းဘသိန်း၊ မိုးညို မဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း၊ မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ ငါန်းဇွန်း မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်နှင့် လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်းတို့က ဆွေးနွေးခဲ့ကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများကို အခြားနည်းအသုံး ပြုရန်ဖြစ်သော်လည်း စက်မှုဇုန်၊ ကျောင်း၊ ဆေးရုံ၊ လူနေအိမ်ရာတို့အဖြစ် ပြောင်းလဲခြင်းများသည် မြို့ပြဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့်အတွက် လူဦးရေ တိုးတက်မှုနှုန်း၊ ဖွံ့ဖြိုးမှု အလားအလာများကို အခြေပြု ဆန်းစစ်ပြီးမှသာ မြို့ရွာဖွံ့ဖြိုးရေး စီမံချက်များအား ရေးဆွဲဆောင်ရွက်သွားရမည့် လုပ်ငန်းရပ်များ ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သည် မြို့၊ ရွာ ပြင်ဆင်တိုးချဲ့ခြင်းများ ဆောင်ရွက်လိုပါက ဒေသခံပြည်သူများ၏ သဘောဆန္ဒများကိုရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များမှ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် သစ်တောမြေအဖြစ်မှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ပယ်ဖျက်ပေးလျက်ရှိရာ ကျေးရွာများအတွက် လယ်မြေ၊ ယာမြေ၊ သာသနာ၊ အများပိုင် မြေဧကများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
စားကျက်မြေ၊ မြေလွတ်၊ မြေရိုင်းများကို မြို့ပြဖွံ့ဖြိုးမှုအတွက် စနစ်တကျ သတ်မှတ်ရေးဆွဲထားပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းအားဖြင့် တရားမဝင် ကျူးကျော်ဝင်ရောက် နေထိုင်မှုများနှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများက လယ်မြေများကို ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းများ လျော့နည်းပပျောက်သွားနိုင်ပြီး ကျေးရွာများသည်လည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် အဆိုအား မိမိဝန်ကြီးဌာနမှ ထောက်ခံပါကြောင်းနှင့် အဆိုအား အတည်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်နဝါရီ ၂၃ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
MDN