မော်လမြိုင်    ၂၁    အောက်တိုဘာ          

မွန်ပြည်နယ်၊ မော်လမြိုင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်းနှင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း(၂၀၁၉) ပြည်နယ် အဆင့်အသိပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်  ၁၀ နာရီက ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပုံမှန်(၉)လအရွယ် ကလေးတွေကို ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး တစ်မျိုးတည်းထိုးနှံပေးမှုအစား ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါ(၂)မျိုးပေါင်းစပ်ပါဝင်သော ကာကွယ်ဆေးအသစ်ကို (၂၀၁၆) ခုနှစ်၊မတ်လမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ယခု(၂၀၁၉)ခုနှစ်၊ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်နေ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် သတင်းမီဒီယာများမှလည်း ကူညီပံ့ပိုးပေးပါရန်နှင့် ပညာပေးလှုံ့ဆော်မှုများကို သတင်းနှင့်စာနယ်ဇင်းများတွင် ထည့်သွင်းဖော်ပြ ပေးပါရန်”  ပြောကြားသွားသည်။

ဆက်လက်၍ မွန်ပြည်နယ် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်မှ နိုင်ငံတစ်ဝန်းဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်းနှင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း (၂၀၁၉)နှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါအခမ်းအနားကို လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ(၇၅)ဦးခန့် တက်ရောက်ကြသည်။

ကျော်စွာလင်း