ရန်ကုန်  ၁၈  မေ

 

နိုင်ငံတော် အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ လဝက်အတွင်း တန်ချိန် ၁၀ဝ၀ဝ ကျော်ကို ဝယ်ယူထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

နိုင်ငံတော်၏ အရန်ရိက္ခာဆန် အစီအစဉ်အတွက် အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ဧပြီ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မေ ၁၅ ရက်အထိ ပြည်ပတင်ပို့မည့် ကုမ္ပဏီ(၅၀)ခုထံမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားရာ သိုလှောင်ရုံ(၅)ခုတွင် တန်ချိန် ၁၀ဝ၀ဝ ကျော်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်၏ အရန်ရိက္ခာ အစီအစဉ်အောက်တွင် အရန်ဆန်ထားရှိရေးအတွက် ဆန်ပြည်ပတင်ပို့မှုနှင့် ဆက်စပ်ပြီး  Exporter များအနေဖြင့် ပြည်ပ တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်း ပမာဏကို အရန်ဆန် (25 % broken, well-milled & sorted grade) အဖြစ် သတ်မှတ် သိုလှောင်ရုံများတွင် ပေးသွင်းရမည်ဖြစ်ကာ တတိယအဖွဲ့အစည်းဖြစ်သော MITS မှ အရည်အသွေး၊ အရေအတွက်ကို စစ်ဆေးလက်ခံယူလျက်ရှိသည်။

 

ထိုသို့ လက်ခံယူရာတွင် ပင်လယ် ရေကြောင်းမှ တင်ပို့မှုအတွက် ရန်ကုန်တိုင်းဒေသကြီးက အရန်ဆန် လက်ခံလျက်ရှိပြီး နယ်စပ်မှ တင်ပို့မှုအတွက် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက သိုလှောင် ထိန်းသိမ်းကြီးကြပ် လက်ခံလျက်ရှိသည်။

 

သို့ဖြစ်၍ ဆန်စပါးဈေးကွက်သည် ပြည်တွင်း ဖူလုံမှု အပြည့်အဝ ရှိသည့်အပြင် လိုအပ်ပါက ရိက္ခာဖြန့်ဖြူးရေးအတွက် အရန်ဆန် ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက်ထားသဖြင့် လုံလောက်ဖူလုံမှုရှိကြောင်း၊ ပြည်ပတင်ပို့မှုကိုလည်း ၂၀၂၀ မေလ မှ စတင်၍ ပုံမှန်အတိုင်း ဆောင်ရွက်လျှက်ရှိကာ လက်ရှိဘဏ္ဍာနှစ်တွင် တန်ချိန် (၂) သန်းကျော် တင်ပို့ ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

လက်ရှိ  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက် အခြေအနေနှင့် ကိုဗစ်-၁၉ အခြေအနေတို့ပေါ် တွင် မူတည်၍ ပြည်ပတင်ပို့မှုကို နိုင်ငံတော် အစိုးရ နှင့် ညှိနှိုင်းတင်ပြ အကြံပြုဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အခြေအနေတွင် နွေစပါးပေါ်ချိန်ဖြစ်၍ တောင်သူလယ်သမားများ အတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ စားသုံးသူ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာလတွင် ဆန်ဈေး သင့်တင့်မျှတစေရန် အသင်းချုပ်၊ ညီနောင်အသင်းများနှင့်ကုန်စည် ဒိုင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဆန်စားသုံးမှုတွင် ပြည်တွင်းဈေးကွက်သည် ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်ပြီး ပြည်ပ တင်ပို့မှုသည် ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်း ကျော် ဖြစ်သဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက် နှစ်ခုစလုံး အတွက် ချင့်ချိန်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

လက်ရှိ ဆန်ပြည်ပတင်ပို့မှုအနေဖြင့် ယခု မေလ တွင် တန်ချိန် (၁၅၀ဝ၀ဝ) (+/-၁၀%) ခန့်ကို ပင်လယ်ရေကြောင်းမှ တန် (၁၀ဝ,ဝ၀ဝ) (+/-၁၀%) နှင့် နယ်စပ်မှ တန် (၅၀ဝ၀ဝ) (+/-၁၀%) တင်ပို့ရန် အတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်း သတ်မှတ်ထားပြီး အာဆီယံ နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအား G to G ညှိနှိုင်းရောင်းချရန်ကိုလည်း ဆွေးနွေး စီစဉ်လျက်ရှိသည်။

 

ငြိမ်းငြိမ်း