နေပြည်တော် နိုဝင်ဘာ ၅
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဒေါက်တာ ဇော်မြင့်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တာဝန်ရှိဖိတ်ကြားထားသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူး မီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီ၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစား ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကော်မတီများအလိုက် စီမံဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား အနှစ်သာရရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန်၊ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး ဆောင်ရွက်ရန်၊ ဧည့်ခံကျွေးမွေးမှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရာတွင် မီးဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်၍ရသည့် အားကစားပြိုင်ပွဲများကိုသာ ကျင်းပပြုလုပ်ရန်နှင့် အခြားလိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် လုပ်ငန်း ဆောင်ရွက်မှုများ တိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အဆင့် အနှစ်သာရရှိသည့် လွတ်လပ်ရေးနေ့ အခမ်းအနား ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာဖြင့် အဆင့်ရှိစွာ ကျင်းပ နိုင်ရေး ဆပ်ကော်မတီများအလိုက် စနစ်တကျ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အခမ်းအနားများအားလုံးအား လုံခြုံရေးအရ စနစ်တကျဖြစ်စေရေး တာဝန်ရှိသူ များအနေဖြင့် သတိရှိစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြား ခဲ့ပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


