(ယမန်နေ့မှအဆက်)

နေပြည်တော်   အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က နိုင်ငံတစ်နိုင်ငံ တိုးတက် ရန်အတွက် အရေးကြီးဆုံးကိစ္စရပ်များအနက် တစ်ခု ဖြစ်သည့် စွမ်းအင်ကိစ္စရပ်ကို ရေရှည်စီမံကိန်း၊ ရေတို စီမံကိန်း ဆောင်ရွက်မှုအခြေအနေများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားရှိသည်ကို     အသေးစိတ်သိရှိလို ကြောင်း မေးမြန်းသည်။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လွှတ်နိုင်ရေး ဆောင်ရွက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ပြောသံဆိုသံ၊ ပဲ့တင်သံ များကို မိမိတို့ကြားသိရကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်းသိပါကြောင်း၊ ကြားလည်းကြားပါ ကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စကို သက်ဆိုင် ရာဝန်ကြီးဌာနများနှင့်မေးမြန်းချက်များ၊ သက်ဆိုင် ရာကြိုးပမ်းဆောင်ရွက်နေသူများနှင့် မေးမြန်းချက် များနှင့်    မိမိတို့ဆောင်ရွက်နေမှုအပေါ်   အခြေခံ၍ ဖြေကြားသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဖြေကြားရာတွင် ယခုသတင်းစာရှင်းလင်းပွဲကို      ကြည့်ရှုနေသည့် ပြည်သူလူထုများနှင့်     သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းသည့် မီဒီယာများအားလုံးကို သိစေလိုသည် မှာ    မိမိတို့    အမှန်တကယ်လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို    တင်ပြခြင်းဖြစ်ကြောင်း၊ မီးမလာသဖြင့် အစိုးရတွင်တာဝန်မရှိ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်မရှိဟု လွှဲချနေခြင်း မဟုတ်သည်ကို ဦးစွာပြောကြားလိုကြောင်း၊  မိမိတို့ အနေဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လက်ရှိ ထုတ်လုပ်နိုင်သည့်ပမာဏအရ လိုအပ်ချက်နှင့်အညီ သုံးစွဲနိုင်ရန်အတွက်  ဝန်အားထိန်းညှိခြင်း၊ လျှော့ချ ခြင်းများကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့မှစ၍ အချိန်ပိုင်းအလိုက်၊   နေရာအလိုက်   လျှော့ချခွဲဝေ ဖြန့်ဖြူးခြင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားတိုးမြှင့်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက် မှုအနေဖြင့် ကျောက်ဖြူဒေသ၌ လက်ရှိကာလတွင် ရရှိထားသည့် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ကို အသုံးပြု၍ စုစုပေါင်းလျှပ်စစ်ဓာတ်အား  ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်ထားပြီးဖြစ်ကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း တိုးချဲ့ပြုပြင်ရေး ဆောင်ရွက်လျက်ရှိရာ ပြီးစီးပါက တစ်ရက်လျှင်  ကုဗပေ  သန်း ၃၀ တိုးချဲ့ဖြန့်ဖြူး၍ ၁၉၅ မဂ္ဂါဝပ် ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လက်ရှိတည်ဆောက် နေသည့် ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျင်စွာပြီးစီးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းပြီးစီးပါက လက်ရှိ ဖြစ်ပေါ်နေသည့် ယာယီဓာတ်အားလျော့နည်းနေမှုကို ဖြေရှင်းနိုင်မည့်အပြင်    ထပ်မံလိုအပ်လာမည့် ဓာတ်အားကိုလည်း   ပြန်လည်ဖြည့်တင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊     ယင်းကိစ္စနှင့် ပတ်သက်၍     လျှပ်စစ်နှင့်    စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်     ထိုနေရာများသို့ သွားရောက်ကြည့်ရှု      စစ်ဆေးပြီးဖြစ်ကြောင်း၊ ထို့အပြင် စွမ်းအင်အရင်းအမြစ်မျိုးစုံ လိုအပ်လျက် ရှိသည့်အတွက် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဖြည့် ဆည်းထုတ်လုပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နေရောင် ခြည်စွမ်းအင်သုံး     ဓာတ်အားပေးစက်ရုံစီမံကိန်း အနေဖြင့်   ၄၀ မဂ္ဂါဝပ်ထွက်ရှိမည့်    လက်ပန်လှ စီမံကိန်းနှင့် ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် ညောင်ပင်ကြီး စီမံကိန်းတို့တွင်    တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊    ထိုစီမံကိန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ    ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊     ဆိုလာလျှပ်စစ်နှင့် ပတ်သက်ပြီး  ယခင်အစိုးရလက်ထက်က  ခွင့်ပြု ခဲ့သည့် စီမံကိန်းများရှိကြောင်း၊ သို့သော် ထိုစီမံကိန်း များကို စာချုပ်ချုပ်ဆိုရာတွင် မတိကျမသေချာခဲ့သော ကြောင့် ဆက်လက်မလုပ်ဆောင်နိုင်သည့် စီမံကိန်း များရှိကြောင်း၊     ယခုလက်ရှိအစိုးရအနေဖြင့် တွန်းအားပေးကူညီပံ့ပိုး၍ လုပ်ဆောင်နေသည်များ လည်းရှိကြောင်း၊ ယင်းနေအားလျှပ်စစ်စီမံကိန်းတွင် ၆၃၅  မဂ္ဂါဝပ်ထွက်ရှိမည့်စီမံကိန်း ၁၈ ခုကို တင်ဒါ ခေါ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း ၁၁ ခုမှာ တင်ဒါခေါ် ဆိုခြင်းပြီးစီးပြီဖြစ်သောကြောင့် ဓာတ်အားဝယ်ယူ ရေး   စာချုပ်ချုပ်ဆိုရန်  ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊  ရေအားလျှပ်စစ်နှင့်ပတ်သက်၍  ပြောရ မည်ဆိုပါက တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ကို ဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဘီလူးချောင်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း     နိုင်ငံတော်ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်း သုံးလိုင်း၏  တာဝါတိုင် ၂၂ တိုင်ကို ပြင်ဆင်ခြင်းလုပ်ငန်းများ    ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊  ထို့ကြောင့်   ထိုလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျက်ဆီးခံရသည့်   ဓာတ်အားလိုင်းများ   အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊     ၂၀၂၂ ခုနှစ် မေလတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို  ပြည့်မီ စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော်လည်း ယခုထက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သကဲ့သို့ ဝန်အားလျှော့ချခြင်းကိုလည်း အနည်းငယ်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ LNG ဈေးနှုန်း ကျဆင်းချိန်တွင် ရပ်နားထားသည့် LNG ဓာတ်အား ပေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း၊ ရေရှည်အနေဖြင့် အလယ် ပေါင်းလောင်းလျှပ်စစ်စီမံကိန်း၊  အထက်ရဲရွာလျှပ်စစ် စီမံကိန်း၊   သူဌေးလျှပ်စစ်စီမံကိန်းတို့အပြင်   အခြား ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း  ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုလတ်တလောတွင် လျှပ်စစ်မီး ကို အချိန်နှင့်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူ လူထု၏  အကြံပြုချက်များနှင့်   စကားသံများကို ကြားသိရကြောင်း၊ ပြည်သူလူထုအနေဖြင့် လျှပ်စစ် ဓာတ်အား ဖြတ်တောက်ခြင်းကို မည်သူမျှမလိုလား ကြောင်း၊   မလွှဲသာ၍    ပြတ်တောက်မည်ဆိုပါက ဖြတ်တောက်မည့်အချိန်အတိအကျကို သိလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထမင်းဟင်းချက်ပြုတ်ရာ တွင် လျှပ်စစ်မီးဖြတ်တောက်မည့်အချိန်ကို မသိရှိရ သဖြင့် ထမင်းအိုးပျက်စီးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သဖြင့် တိကျသည့်အချိန်ကို လိုချင် ကြောင်း၊ မနက်မည်သည့်အချိန်မှ မည်သည့်အချိန်အထိ မီးပျက်မည်၊ မည်သည့်အချိန်တွင် မီးလာမည်၊ ည မည်သည့်အချိန်မှ မည်သည့်အချိန်အထိ မီးပျက်မည်၊ မည်သည့်အချိန်တွင် မီးလာမည်ကို ၎င်းတို့က တိတိ ကျကျသိလိုကြောင်း၊  ထိုကဲ့သို့   အချိန်အတိအကျ ဖြစ်နိုင်ရန်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်း ၍ ပြည်သူများအား အချိန်တိကျစွာ ထုတ်ပြန်ပေး နိုင်ရေး      ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်    အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က လောင်စာဆီဈေးနှုန်းများ လျော့ကျနိုင်ရေးအတွက် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက် လုပ်ဆောင်မှုအခြေအနေများနှင့် ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်းများဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ထား သည်ကို  ပြည်သူများ သိရှိစေရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်       အသေးစိတ် ရှင်းလင်းပေးစေလိုကြောင်း မေးမြန်းသည်။ 

ကမ္ဘာ့ရေနံဈေးနှုန်းနှင့်လည်းသက်ဆိုင်

ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီဈေးနှုန်း မြင့်တက်မှုမှာ        ကမ္ဘာ့ရေနံဈေးနှုန်းနှင့်လည်း သက်ဆိုင်ကြောင်း၊ တစ်ကမ္ဘာလုံး၌လည်း ဈေးနှုန်း တက်နေကြောင်း၊ ယင်းသို့ပြောဆိုရာတွင် ဈေးနှုန်းနှိုင်းယှဉ်ချက်များရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဈေးနှုန်း နှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက   မိမိတို့နိုင်ငံ၏ဈေးနှုန်း ထက်    မြင့်မားနေသည်ကို    တွေ့ရမည်ဖြစ်ကြောင်း၊ အမေရိကန်တွင် တစ်ဂါလန်ဈေးနှုန်းအနေဖြင့် မည်မျှ ရှိနေပြီဖြစ်ကြောင်း စသည်ဖြင့် ပြောဆို၍ရကြောင်း၊ ပြောလည်းပြောနိုင်ကြောင်း၊ သို့သော် ၎င်းတို့နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ဝင်ငွေနှင့် မိမိတို့နိုင်ငံရှိ လူတစ်ဦး ချင်းစီ၏   ဝင်ငွေမတူညီကြောင်း၊   မိမိတို့နိုင်ငံမှာ လူတစ်ဦးချင်းစီ၏ဝင်ငွေ လျော့နည်းသည့် နိုင်ငံဖြစ် သောကြောင့် အကျိုးသက်ရောက်မှုအပေါ် ခံစားရမှု ချင်း     မတူညီကြောင်း၊    အကောင်ကြီးကြီးကို တုတ်ဖြင့်ရိုက်ခြင်းမှာ သိပ်ပြဿနာမရှိသော်လည်း အကောင်သေးသေးကို တုတ်ဖြင့်ရိုက်ပါက အကောင် သေးသေးက ပို၍ခံစားရကြောင်း၊ မိမိတို့လုပ်ဆောင် နေသည့် လုပ်ဆောင်ချက်များကိုသာ ပြောမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ် အရ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဥပဒေနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား         လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဌာနအနေဖြင့် ဈေးနှုန်း၊ သယ်ယူစရိတ်နှင့် အာမခံကြေး၊ အခွန်အခ နှင့် ကုန်ကျမှုစရိတ်ပေါင်း၍ စက်သုံးဆီအမျိုးအစား  တစ်မျိုးချင်းအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်း စက်သုံးဆီဈေးနှုန်းကို နေ့စဉ်စိစစ်တွက်ချက်ထုတ် ပြန်ပေးလျက်ရှိကြောင်း၊  သက်ဆိုင်ရာလုပ်ငန်းရှင်များ အနေဖြင့်လည်း ယင်းရည်ညွှန်းဈေးနှုန်းများအပေါ် တွင် အခြေခံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များဖြင့် ရောင်းချစေရေး စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထပ်မံကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စက်သုံး ဆီလုပ်ငန်းရှင်များအနေဖြင့်     အမြတ်ရာခိုင်နှုန်း လျှော့ယူရန်နှင့် ဈေးနှုန်းတွက်ချက်သည့်အခါတွင် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည့် စရိတ်စက များမှအပ အခြားလျှော့ချနိုင်သည့် စရိတ်စကများကို လျှော့ချနိုင်ရန်နှင့် အနည်းဆုံးဈေးနှုန်းဖြင့် ရောင်းချ နိုင်ရေး   ဌာနအနေဖြင့်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းငွေလဲလှယ်နှုန်းနှင့်ပတ်သက်ပြီး  ပြောရ မည်ဆိုပါက     ဈေးနှုန်းလျော့ကျစေရေးအတွက် အထိုက်အလျောက်ထောက်ပံ့ပေးနိုင်ရန် စက်သုံးဆီ ကဏ္ဍကို    ဗဟိုဘဏ်မှ    အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး  ပြည်သူများအတွက်  စက်သုံးဆီ များကို   သက်သာသည့်   အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းခွဲဝေပေးလျက် ရှိကြောင်း၊ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များကိုလည်း သက်သာသောဈေးနှုန်း ဖြင့် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ရေနံနှင့် စက်သုံးဆီများကို သက်သာသည့် ဈေးနှုန်းများဖြင့် တင်သွင်းခွင့်ရရှိရေး ရရှိနိုင်သည့် နိုင်ငံများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းကိစ္စမှာ မဖြစ်ပေါ်သေးခင် ပြော၍ရ သည့်ကိစ္စမဟုတ်သည့်အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး     ဖြစ်အောင်လုပ်မည်ဖြစ် ကြောင်းကိုသာ   ပြောကြားလိုကြောင်း    ပြန်လည် ဖြေကြားသည်။

Golden Hand သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်ထွန်းက     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အသနား ခံစာများ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ရန် မည်မျှကျန်သည်ကို သိလိုကြောင်းနှင့် အသနားခံစာတိုင်ကြားသည့်  ကာယကံရှင်အား ခေါ်ယူပြီး စစ်ဆေးမေးမြန်းခြင်း ရှိ/ မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက် ပြီး အသနားခံစာများ၊ တိုင်ကြားစာများရှိကြောင်း၊  အရေအတွက်ကို မိမိတို့မသိကြောင်း၊ အဓိကအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကိုသာ တိုင်ကြားစာများ ရောက်ရှိ ခြင်းဖြစ်ကြောင်း၊ယင်းကိစ္စများကို စုံစမ်းစစ်ဆေးရန်     ညွှန်ကြားထားကြောင်း၊ တိုင်စာများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီး ဌာနများ၊  တိုင်းဒေသ ကြီးနှင့်      ပြည်နယ်အစိုးရများတွင်      ပြန်လည်လုပ်ဆောင်ပေးရန် ညွှန်ကြားထားကြောင်း  ပြန်လည်ဖြေကြားသည်။

Golden Hand သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်ထွန်းက ကျူးကိစ္စနှင့်ပတ်သက်ပြီး မေးမြန်း လိုကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစပြီး ယခု အချိန်အထိ   ကျူးကျော်များကို    ရှင်းလင်းခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စတင်ရှင်းလင်းခဲ့ ကြောင်း၊   တိုင်းဒေသကြီးနှင့်    ပြည်နယ်အချို့ရှိ လမ်းမကြီးများနှင့် ပေ ၅၀၊ ၇၅ ပေ အကွာအဝေး အတွင်းရှိ လမ်းဘေးဝဲယာမှ မလွတ်သည့်နေရာများကို ရှင်းလင်းကြောင်း၊    အဆိုပါကျူးကျော်အိမ်များကို ယခင်အာဏာပိုင်အဖွဲ့အစည်းများက တားမြစ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း၊ ပြည်-ရွှေတောင် မိုင်တိုင် ၁၇၀ အနီးရှိ ဘဏ်တစ်ခုဆိုလျှင် လမ်းဘေးတွင် ထီးထီး ချည်းကျန်ရှိနေကြောင်း၊ ဘဏ်ဆိုသည်မှာ တော်ရုံ တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ အဆိုပါ ဘဏ်ကဲ့သို့သော အဆောက်အအုံများ ဆောက်လုပ် မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များ ရယူရကြောင်း၊  ခွင့်ပြုချက် မရရှိပါက ဆောက်လုပ်၍မရကြောင်း၊ ဥပဒေနှင့်မညီ၊ ဆောက်လုပ်ရန်    မသင့်တော်ပါက   ထိုစဉ်ကပင် သက်ဆိုင်ရာက တားမြစ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း နှင့်  ထိုအဆောက်အအုံဆောက်လုပ်စဉ် ခွင့်ပြုခဲ့သည့် အဖွဲ့အစည်းများကို အရေးယူခြင်းရှိ/မရှိ သိလိုကြောင်း၊  တချို့ကျူးကျော်ရှင်းလင်းသည့်   နေရာများတွင် သတ်မှတ်သည့်ပေထက်ပိုပြီး ရှင်းလင်းခဲ့ခြင်းများရှိ ကြောင်း၊ နစ်နာသူများလည်းရှိကြောင်း၊ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများက ကြိုတင်အသိပေးထား ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် ထိုကိစ္စများကို ဖြေရှင်းပေးရန် ရှိ/မရှိနှင့် မည်ကဲ့သို့ အရေးယူဆောင် ရွက်ပေးသွားမည်ကိုသိလိုကြောင်း မေးမြန်းသည်။

တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျူးကျော်သည့်ကိစ္စ နှင့်ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်ထားကြောင်း၊ အဓိကဆောင်ရွက်ရသည့်    ရည်ရွယ်ချက်မှာ   တရား ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျူးကျော်နေရာများကို တရားဥပဒေနှင့်ပတ်သက် ပြီး ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအစိုးရမဟုတ် သည့်အတွက်    ရှင်းရဲခြင်းဖြစ်ကြောင်း၊   မဲပေးပြီး တက်လာသည့်အစိုးရတိုင်းသည်    ကျူးကျော်နှင့် ပတ်သက်လာလျှင်   အကုန်လက်ရှောင်ကြောင်း၊ ထိုကိစ္စအတွက် ၎င်းတို့ကို အပြစ်ပြော၍မရကြောင်း၊ ၎င်းတို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ရမည်ဖြစ် သောကြောင့်ဖြစ်ကြောင်း၊  မိမိတို့သည်  နိုင်ငံရေး အစိုးရ မဟုတ်သည့်အတွက် တရားဥပဒေစိုးမိုးရေးကို အလေးပေး၍ ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ထိုကိစ္စ များနှင့်ပတ်သက်ပြီး မြို့နယ်အလိုက် အသေးစိတ် ဖြေဆိုနိုင်ခြင်းမရှိကြောင်း၊ ဖြစ်စဉ်များကြည့်ပြီးသာ ဖြေဆိုမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Sky Net သတင်းဌာနမှ   သတင်းထောက် ကိုသွင်ထူးအောင်က အာဆီယံအထူးကိုယ်စားလှယ် နှင့်တွေ့ဆုံစဉ် မည်သည့်ထူးခြားချက်များရှိခဲ့သည်ကို သိလိုကြောင်းနှင့်  မည်သည့်ကိစ္စများ   ဆွေးနွေး ခဲ့သည်ကို   သိလိုကြောင်း၊   ထို့အပြင်    အာဆီယံ အထူးကိုယ်စားလှယ်နှင့်     ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့တွေ့ဆုံစဉ် အာဆီယံဘုံသဘော တူညီချက်(၅)ချက်ကို   ဖော်ဆောင်ရာ၌   မြန်မာ ဦးဆောင်သည့်    မြန်မာ့လုပ်ငန်းစဉ်ဖြစ်ရမည်ဟု ပြောကြားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ မြန်မာ့ လုပ်ငန်းစဉ်ဟူသည့် ခေါင်းစဉ်အောက်၌ မည်သည့် အချက်နှင့်  မည်ကဲ့သို့သော  အဓိပ္ပာယ်များ  ပါဝင် သည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက    အာဆီယံအထူး ကိုယ်စားလှယ်နှင့်        နိုင်ငံတော်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာတွင် အကြမ်းဖက်မှုများရပ်တန့် စေရေးကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို အဓိက အလေးပေး၍ အချိန်ယူဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် အာဆီယံအထူးကိုယ်စားလှယ်၏ မူရင်းပြောကြားချက်ကို ပြောပြရမည်ဆိုပါက ၎င်း အနေဖြင့် ယခုတာဝန်ကိုထမ်းဆောင်ရာတွင် သမာ သမတ်ရှိရှိဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကို  လေးစားလိုက်နာ၍  ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊  သတင်းထောက်ကြီး မေးမြန်း ခဲ့သည့် မေးခွန်းများ၏အဆက်များမှာ အဆိုပါကိစ္စ များသာဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်လည်း ဘုံသဘောတူညီချက် (၅)ရပ်အပေါ်   အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံဦးဆောင်သည့် မြန်မာ့လုပ်ငန်း စဉ်ဖြစ်ရမည်ဟု ပြောခြင်းဖြစ်ကြောင်း၊ အတိုချုံး၍ ပြောရမည်ဆိုပါက     အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုအနေဖြင့် မိမိနိုင်ငံ၏ကံကြမ္မာကို မိမိဖန်တီး ခွင့်ရှိကြောင်း၊ အဆိုပါစကားကို မိမိသဘောဖြင့် ပြောခြင်းမဟုတ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ် စာတမ်းတွင်     ဖော်ပြထားသည့်     စကားလုံးဖြစ် ကြောင်း၊ အဆိုပါစာတမ်းတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် မိမိကံကြမ္မာကို မိမိဖန်တီးခွင့်   ရှိသည်ဟု        အတိအလင်းဖော်ပြထာကြောင်း၊    ထို့ကြောင့် အထက်ပါကိစ္စများကို      အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်   မိမိတို့အနေဖြင့်   အခြားတစ်ဦးတစ်ယောက်    ပြဋ္ဌာန်းပေးသည့် မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ   လိုက်နာဆောင်ရွက်ရန် မလိုကြောင်း၊ မြန်မာနိုင်ငံ၏    မြန်မာ့လုပ်ငန်းစဉ် အတိုင်းသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စများကို     လက်ရှိအစိုးရအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ရှိပြီးဖြစ်ကြောင်းနှင့် ထိုလုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ရှေ့ဆက်သွားမည့် အမျိုးသားရေး   လုပ်ငန်းစဉ်(၂)ရပ်၊    နိုင်ငံရေး လုပ်ငန်းစဉ်(၂)ရပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ယခုသတင်းစာရှင်းလင်းပွဲအစောပိုင်းတွင် မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊      ထိုလုပ်ငန်းစဉ်များမှာ       မြန်မာနိုင်ငံအနေဖြင့်  လုပ်ဆောင်သွားမည့်   မြန်မာ့ လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာ တွင် မိမိတို့အစိုးရ၏ ယုံကြည်ချက်နှင့် ခံယူချက်မှာ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည် ဟု ခံယူထားကြောင်း၊ ထို့ကြောင့် ပြည်တွင်းအားကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအားကို တည်ဆောက်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံက ဦးဆောင်သည့်     မြန်မာ့လမ်းစဉ်ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Sky Net သတင်းဌာနမှ     သတင်းထောက် ကိုသွင်ထူးအောင်က စက်သုံးဆီဈေးနှုန်းများ မြင့်တက် ခြင်းနှင့် အထွေထွေကုန်ကျစရိတ်များ မြင့်တက် လာခြင်းကြောင့် လုပ်ငန်းများကျပ်တည်း၍ စားဝတ် နေရေးများ ခက်ခဲလာကြောင်း၊ ပြည်သူများ စီးပွား ရေးချောင်လည်၍   ဝင်ငွေတိုးစေရန်   မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ လျှပ်စစ် မီးကို အချိန်ခွဲ၍ပေးနေရာမှ အချိန်ပြည့်မီးရရှိရေး အတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင် မည်ကို    သိလိုကြောင်းနှင့်    ထိုကဲ့သို့   အချိန်ပြည့် မီးရရှိနိုင်ရေး    မည်ကဲ့သို့    စီမံဆောင်ရွက်ပေးနေ သည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။

မီးပြတ်ချိန် နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စကို ယခုသတင်းစာရှင်းလင်းပွဲ၏ အရှေ့ပိုင်းတွင် မိမိ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မေလခန့်အထိ ယခု အခြေအနေအတိုင်း ဆက်လက်ဖြစ်နေမည့် အနေ အထားရှိကြောင်း၊ သို့သော်  မီးပြတ်သည့်အချိန် တိကျစေရန်နှင့်   မီးပြတ်ချိန်ကို   နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊       စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ရိုက်ခတ်မှုများရှိကြောင်း၊          သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍ လုပ်ဆောင်မည့်အကြောင်း အရာများကိုလည်း    အစောပိုင်းက   မိမိဖြေကြား ပြီးဖြစ်ကြောင်း၊     စက်သုံးဆီနှင့်ပတ်သက်ပါက မိမိတို့လုပ်ဆောင်နိုင်သည့် နည်းလမ်းများအားလုံးကို ဆက်လက်လုပ်ဆောင်သွားမည်          ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပမှ တင်သွင်းနိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊     ထိုကိစ္စနှင့် ပတ်သက်၍   အသေးစိတ်ကို   ကြိုတင်ပြောရန်မရှိ ကြောင်း၊ မိမိတို့က ကြိုတင်၍ အသေးစိတ်ပြောမည် ဆိုပါက  အခြားလုပ်ငန်းများကို   ထိခိုက်နိုင်သော ကြောင့် မပြောခြင်းဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့်     စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းစနစ်ကို    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်    စိုက်ပျိုး၊  မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ရေတင်စိုက်ပျိုးမှု များအတွက်          စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့်  ဓာတ်မြေဩဇာဈေးနှုန်း      ကြီးမြင့်မှုများကိုလည်း ပြေလည်စေရေး စီမံကိန်းချမှတ်၍ ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက “ကျွန်မတို့” ဟူသည့် နာမ်စားကိုသုံးစွဲသွားမည်ဖြစ်ကြောင်း၊ “ကျွန်မတို့” ဆိုသည်မှာ မြန်မာနိုင်ငံအပေါ်       သစ္စာရှိသောလူများနှင့် တပ်မတော်အပေါ် အကြွင်းမဲ့ယုံကြည်အားကိုးသည့် ပြည်သူများကိုကိုယ်စားပြုသည့် စကားဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အပေါ် အလွန်အကျွံယုံကြည်ခြင်းကို ချင့်ချိန်တွေးတောနေရပါကြောင်း၊     လူတစ်ဦး တစ်ယောက်ကို ပုံအပ်ပြီး စုံလုံးကန်းခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ နီပိန်း၊ နီပိတ်များဖြစ်လာ ရပါကြောင်း၊ “ကျွန်မတို့”သည် တပ်မတော်ဟူသည့် အဖွဲ့အစည်းကြီးကို အလွန်အကျွံယုံကြည်အားကိုးမိ သည့်အတွက် စစ်ပိန်း၊ စစ်ပိတ်ဟုပြောခံရလျှင်လည်း ကျေကျေနပ်နပ်ကြီး     ခံယူသွားမည်ဖြစ်ကြောင်း၊ “ကျွန်မတို့” အတွက် တပ်မတော်ကလွဲပြီး ယုံကြည် အားကိုးစရာ လုံးဝမရှိပါကြောင်း၊ အားကိုးမှာလည်း မဟုတ်ပါကြောင်း၊ ပထမဆုံးမေးခွန်းအနေဖြင့် CDM များကို    လွယ်လွယ်ကူကူ   အလုပ်ပြန်ခန့်ခဲ့သည့် အတွက်    အပြုံးမပျက်ရုံးတက်ခဲ့ရသည့်    နိုင်ငံ့ ဝန်ထမ်းများ စိတ်အားငယ်ခဲ့ရပါကြောင်း၊ မင်းသား မင်းသမီးများ ဥပဒေအထက်ကို ရောက်သွားသည့် အတွက်    ဥပဒေနှင့်အညီနေထိုင်နေသည့်သူများ စိတ်မကောင်းဖြစ်ခဲ့ရပါကြောင်း၊ ယခုလည်း ကျောင်း ခေါ်ချိန်မပြည့်မီသည့်သူများကို စာမေးပွဲဖြေဆိုခွင့်ပေးခဲ့သည့်အတွက် ခြိမ်းခြောက်ခြင်းများကြားတွင် အသက်နှင့်လဲကာ ကျောင်းပို့၊ ကျောင်းတက်ခဲ့ရသည့် ကျောင်းသားများနှင့် မိဘများစိတ်ပျက်နေကြရပါ ကြောင်း၊ အိမ်စောင့်အစိုးရအပေါ် ယုံကြည်အားကိုး နေသည့် “ကျွန်မတို့” ပြည်သူများ၏ မျက်ရည်များကို မည်သည့်အချိန်တွင်     သုတ်ပေးနိုင်မည်ကိုသိလိုပါ ကြောင်း၊ ဆက်စပ်မေးခွန်းအနေဖြင့် ဆန်၊ ဆီ၊ ဒီဇယ်၊ ရွှေ၊ ကုန်ဈေးနှုန်းများနှင့်  ဒေါ်လာဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်း    မရှိသေးသည့်အပြင်    တရား ဥပဒေ၏ အကျိုးသက်ရောက်မှုကလည်း မလွှမ်းမိုးနိုင် သေးပါကြောင်း၊ အိမ်စောင့်အစိုးရ၏ နိုင်ငံသူ နိုင်ငံ သားများအပေါ်   အသက်အိုးအိမ်စည်းစိမ်အတွက် မည်သည့်အချိန်ခန့်တွင် အာမခံချက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မင်းသား၊ မင်းသမီး ကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ကို လွှတ်ပေးလိုက် သည့်အချိန်တွင်လည်း မိမိတို့ပြောပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်   နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်ရေးအတွက် ပြောခဲ့ခြင်းလည်း ရှိကြောင်း၊ မိမိတို့အနေဖြင့်  ၎င်းတို့ကိုခံဝန်ထိုး၍    လွှတ်ပေး ခြင်းဖြစ်ကြောင်း၊ ကျန်သူများကိုလည်း ခံဝန်ထိုးပြီးလွှတ်ပေးခြင်းသာဖြစ်ကြောင်း၊ စာမေးပွဲနှင့်ပတ်သက် ပြီး ခြိမ်းခြောက်ခံရမှု သတင်းဖြစ်စဉ်များကိုလည်း မိမိတို့ကြားသိရပါကြောင်း၊ ကျောင်းခေါ်ကြိမ်မ ပြည့်ဘဲ   စာမေးပွဲလာဖြေသည့် ကိစ္စများ၊ CDM ဝန်ထမ်းများက ခြိမ်းခြောက်သည့် ကိစ္စများကိုလည်း သိရပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊      ကျောင်းခေါ်ကြိမ်မပြည့်ဘဲ   စာမေးပွဲဖြေဆိုသည့် ကိစ္စများသည်   တချို့ကိစ္စများ    မှန်သင့်သလောက်မှန်ပြီး တချို့မှာ ပုဂ္ဂိုလ်ရေးကိစ္စများ ပါဝင်နေကြောင်း၊  ယခင်ကမူ    ကျောင်းမတက်ရန်    ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော်  ကျောင်းတက်ပြီး စာမေးပွဲဖြေကြကြောင်း၊  ယင်းကိစ္စများကို  လုပ်ထုံး လုပ်နည်းများနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊  ပြည်သူလူထု၏       အသက်အိုးအိမ်စည်းစိမ်နှင့် ပတ်သက်ပြီး    ပြည်သူလူထုပါဝင်သည့်   ပြည်သူ့ ကာကွယ်ရေးစနစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင် လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ ကာကွယ်ရေးစနစ်ပါဝင်သည့် ပြည်သူ့စစ်ဖွဲ့စည်းထား သည့် ကျေးရွာများအနေဖြင့် ထိခိုက်နစ်နာမှုများ ရှိသင့်သလောက်ရှိကြောင်း၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဝန်ကြီးချုပ်များကိုယ်တိုင် သွားရောက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် အာမခံချက်ပေး နိုင်မည်ဟု ပြောရန်ခက်ကြောင်း၊ မည်သည့်နိုင်ငံမျှ ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးအာမခံချက်မရှိကြောင်း၊ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းစေရန်နှင့် တရား ဥပဒေစိုးမိုးစေရန်  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)