ပြည် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၃)၊ အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ခရီးစဉ်လမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေ အနေနှင့် ဆက်လက်ဆောင်ရွက် သွားရမည့် အခြေအနေများကို လာရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနတစ်ခုချင်းမှလည်း ကဏ္ဍအလိုက်ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်တင်ပြပေးရန်နှင့် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် သီးခြားလိုအပ် ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်ပါ သရေခေတ္တရာ ပျူမြို့ဟောင်းတွင်း ဆောင်ရွက်နေသည့် ပြတိုက်အတွင်း ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ နန်းတော်ရာကျုံး ပြန်လည်စမ်းသပ်တူးဖော်နေမှု၊ ကျုံးအတွင်းသို့ ရဟန္တာကန်၊ ကြာကန်၊ ဦးသောမကန် တို့မှတစ်ဆင့် ရှေးမူမပျက် ရေသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မျှော်စင်ဆောက်လုပ်ရန်အတွက် ယာယီ သတ်မှတ်ထားသည့် သောင်းပြည့်ကုန်းနှင့် ကြက်တူရွေးတောင်တို့ကိုလည်းကောင်း၊ ဗိဿနိုး မိဖုရားနှင့် ဆွေတော်မျိုးတော်များ၏ အရိုးအိုးထားရှိရာ နေရာကိုလည်းကောင်း၊ ရှေးဟောင်းဇုန် အဝင်လမ်း ဖောက်လုပ်မည့် နေရာနှင့် ရှေးဟောင်းဇုန်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း/ပြည်ပခရီးသွားများအတွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်စရာ ဈေးဆိုင်တန်း၊ ခေတ္တနားခိုရန်နေရာနှင့် ခေတ်မီ Public Toilet များ ဆောက်လုပ် နိုင်ရေး မြေနေရာရွေးချယ်တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်မြို့၊ ကမ်းနားလမ်းအား (၄)လမ်းသွားဖြင့် ပြန်လည်တိုးချဲ့ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဂေါပကရုံး၌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်မြို့၊လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး၊ ပြတိုက်ပြန်လည် တည်ဆောက်နိုင်ရေးနှင့် စွယ်တော်မြတ်ကိမ်းဝပ် စံပါယ်ရာ ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)