နေပြည်တော် ၊ နိုဝင်ဘာ  ၈

 

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေး ဆောင်ရွက် ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ခုဖြစ်လာစေရန် အဓိကဦးတည်အကောင် အထည်ဖော် နေသဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူး လုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပို့ချပေးမည့် ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့နှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ သတင်းအချက် အလက်နည်းပညာကို အခြေခံ၍ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ အခွန်ရှောင်တိမ်းမှုများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ စုံစမ်းဖော်ထုတ် စည်းကြပ် ကောက်ခံနိုင်သည့်နည်းလမ်းများ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်လေ့လာပြီး မိမိတို့ ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် ဝန်ဆောင်မှု ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၈၀)တို့က ရက်သတ္တပတ် (၈)ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)