ခွန်အားသစ်
အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများသည် လက်နက်ကိုင် သောင်းကျန်းသူများအား စစ်လက်နက်သင်တန်းများ ပို့ချပေးနိုင်ရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နေကြကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာလ်ဒူဟိုးမားက ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း The Times of India သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန်
ယမန်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့သို့ နိုင်ငံခြားသား ၂၀၀၀ ခန့် လာရောက် လည်ပတ်ခဲ့ကြရာတွင် ၎င်းတို့အားလမ်းမများပေါ်မှာ မတွေ့ရကြောင်းနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန်ဟူသော အဓိကရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကြခြင်း ဖြစ်သည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်ဟု သတင်း၌ပါရှိသည်။ သတင်းတွင် ဖော်ပြချက်များအရ မကြာခင်က ကြိုတင်အသိပေးခြင်းမရှိဘဲ မီဇိုရမ်ပြည်နယ်သို့ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက်လည်ပတ်ခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်းနှင့် အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက မဏိပူရ၊ နာဂလန်းနှင့် မီဇိုရမ်နယ်စပ် တစ်လျှောက် နိုင်ငံခြားသားများ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ရန် ညွှန်ကြား ထားကြောင်းဟူ၍လည်း သိရှိရသည်။
ဆက်စပ်စဉ်းစားဖွယ်ရာ အကြောင်းအရာမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ၂၀၂၄ ခုနှစ် မေလအတွင်း က ကျင်းပသည့် မဟာမိတ်ပါတီများ အစည်းအဝေးအတွင်း ထုတ်ဖော်ပြောကြား ခဲ့သည့် အနောက်အုပ်စု၏ လျှို့ဝှက်အကြံအစည်ပင် ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ရှိတ်ဟာဆီနာက “ဘင်္ဂလား ဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် မြန်မာနိုင်ငံမှ နယ်မြေများပါဝင်သော ခရစ်ယာန်နိုင်ငံသစ်တစ်ခု ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒေသတွင် လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးရန် လူဖြူတစ်ဦးက ၎င်းအား လာရောက်ကမ်းလှမ်းခဲ့ကြောင်းနှင့် ဤကိစ္စကို သဘောတူပါက ရွေးကောက်ပွဲတွင် မည်သည့် အနှောင့်အယှက် အဟန့်အတားမျှ မဖြစ်စေဘဲ အောင်မြင်စွာ ပြီးစီးစေရမည်ဟု အာမခံခဲ့ကြောင်းနှင့် ထိုကမ်းလှမ်းချက်ကို ၎င်းက သဘောမတူ ပယ်ချခဲ့ကြောင်း” ပြောကြားခဲ့သည်။
လက်တွေ့တွင်လည်း ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင်ပါ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပ လျက်နှင့် ဆူပူအုံကြွမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်းကြောင့် ရာထူးမှ နုတ်ထွက်ကာ နိုင်ငံမှထွက်ပြေးခဲ့ရသည်။
ရေတပ်စခန်းတည်ဆောက်ခွင့်ရရေး
တစ်ဆက်တည်းမှာပင် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ် ပါတီခေါင်းဆောင်တစ်ဦးက အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်းတွင် ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိခွင့်ရရှိရေး ကာလရှည် ကြိုးပမ်းနေခဲ့ကြောင်း၊ အမေရိကန်သည် NUG နှင့် PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီး-ချင်းသူပုန်များကို ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍ လမ်းကြောင်းဖောက်လုပ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားကြောင်း အိန္ဒိယသတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်နှစ် မတ်လအတွင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက်နှင့် K3C ခေါ် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ သုံးဖွဲ့တို့၏ ခေါင်းဆောင်များတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့သည်မှာလည်း ဆက်စပ် စဉ်းစားဖွယ်ပင်ဖြစ်သည်။
K3C ဆိုသည်မှာ KNU, KIO, KNPP, CNF တို့ဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာဝင်တို့ အများစုဖြစ်သည်။ ဘာသာရေးကို အကြောင်းပြုကာ နောက်ထပ်မီးမွှေးရန် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာဟူသော ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓကိုးကွယ်သည့်နိုင်ငံများကြားတွင် အနောက်အုပ်စုသစ္စာခံ ခရစ်ယာန်နိုင်ငံတစ်ခုကို ဖန်တီးကာ အာရှတွင်ပေါ်ထွန်းလာသည့် အင်အား ကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့အကြားတွင် နေရာယူထားရန် ကြံစည်နေခြင်းမဟုတ်ဟု မည်သူ ဆိုနိုင်ပါမည်နည်း။
မြို့ရွာများအကြမ်းဖက်တိုက်ခိုက်
“နွားကွဲလျှင် ကျားဆွဲသည်”ဆိုသည့် စကားပုံနှယ်ပင် အင်အားကြီးတို့က နိုင်ငံဘေးမှပတ်ကာ ကျားချောင်း ချောင်းနေချိန်တွင် ပြည်တွင်း၌ NUG လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူ အမျိုးအမည်များစွာတို့က ဒေသအများအပြားတွင် တိုက်ခိုက် ဖျက်ဆီးနေကြသည်။ ထို့အပြင် လူမျိုးရေးအကြောင်းပြ EAO များကလည်း ဖြစ်ပေါ်လာသည့် အခြေ အနေအပေါ် အခွင့်ကောင်းယူကာ ကျဉ်းမြောင်းသည့် လူမျိုးရေးစိတ်ဓာတ်များ မြှင့်တင်ခြင်း၊ လူမျိုးရေး မုန်းတီးမှုများ လှုံ့ဆော်ခြင်း၊ မြို့ရွာများကို အကြမ်းဖက်တိုက်ခိုက်၍ နယ်မြေချဲ့ထွင်ခြင်းတို့ကို ပြုလုပ်နေကြသည်။ လက်ရှိမိမိတို့နိုင်ငံ၏ အခြေအနေမှာ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရောင်စုံသောင်းကျန်းမှု ကာလနောက်ပိုင်းတွင် ဒုတိယမြောက် ဆိုးရွားသည့် ကာလဟု ဆိုနိုင်သည်။

နိုင်ငံသားတိုင်းကာကွယ်စောင့်ရှောက်
ဤအခြေအနေအပေါ် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူ နိုင်ငံသူ၊ နိုင်ငံသားတိုင်းက စိုးရိမ်ကြောင့်ကြကြသည်။ အမြန်ဆုံး တည်ငြိမ်အေးချမ်းစေလိုပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် စေမည့်လမ်းကြောင်းပေါ်တွင် လျှောက် လှမ်းစေလိုကြသည်။ သို့ရာတွင် အဖျက်စိတ်ဓာတ်၊ အမှောက်စိတ်ဓာတ်ရှိသူ၊ ဆင်ခြင်တုံတရား ကင်းမဲ့သူ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွန်းရောက်သူတို့ကမူ အားလုံးဖျက်ဆီး၍ အလုံးစုံပျက်စီးသွားပြီးမှ တစ်ကပြန်စမည်ဟု ယုတ္တိကင်းမဲ့စွာပြောဆိုကြသည်။ လက်တွေ့တွင်မူ ၎င်းတို့ကိုယ်တိုင်က ပြည်ပနိုင်ငံများတွင် နေထိုင်ကြသူ၊ ပြည်တွင်း၌လည်း အကြမ်းဖက်သောင်းကျန်းသူတို့ ထိန်းချုပ်ရာ ဒေသများ မဟုတ်သည့် တရားဥပဒေစိုးမိုးရာ၊ လုံခြုံအေးချမ်းရာဒေသများတွင် နေထိုင် နေကြသူများသာ ဖြစ်သည်။ ဤသို့သော ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အရပ်ရပ်တို့အရ နိုင်ငံကို ကာကွယ်ရန် တာဝန်သည် တပ်မတော်တွင်သာမက နိုင်ငံသားတိုင်း၏ ပခုံးပေါ်သို့ ကျရောက် လာပြီဖြစ်သည်။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံသားတိုင်းက မဖြစ်မနေကာကွယ် စောင့်ရှောက်ကြရတော့မည်။
မိမိတို့နိုင်ငံ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ ၇၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါ်ထွန်းလာသည့် မြန်မာ့တပ်မတော်၏သက်တမ်း မှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရန်အတွက် သခင် အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်သည် ဂျပန်တို့ထံတွင် စစ်ပညာကို သင်ယူခဲ့ပြီး တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဗမာ့ လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မျိုးချစ်စိတ်ဓာတ် ထက်သန်ပြင်းပြသည့် ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သည်။ အင်္ဂလိပ်တို့ ဆုတ်ခွာသွားခဲ့ပြီး နောက် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့သော်လည်း အတုအယောင် လွတ်လပ်ရေးသာဖြစ်ပြီး ဖက်ဆစ်တို့၏ ညှဉ်းပန်း နှိပ်စက်မှုများကို ပြည်သူလူထုမှာ ဆိုးရွားစွာ ခံစားခဲ့ရသည်။ အရင်းရှင်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ရသော်လည်း ဖက်ဆစ်လက်အောက်သို့ ကျရောက်ခဲ့ရခြင်းမှာ နိုင်ငံနှင့် လူမျိုး တို့အတွက် ဆိုးရွားသည့်ကံကြမ္မာပင်ဖြစ်ရာ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် မြန်မာ့တပ်မတော်ကပင် ဦးဆောင်ကာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးနှင့်အတူ လက်တွဲ၍ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ရသည်။
တပ်မတော်ကကြီးမှူးပြီးတော်လှန်ခဲ့
အဆိုပါ တော်လှန်ရေးကြီး၏အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပသည့် ရန်ကုန်မြို့ကန်တော်ကြီး နေသူရိန်အစည်းအဝေးကြီးတွင် မိန့်ခွန်း ပြောကြားရာ၌ “ မတ်လ ၂၇ ရက်နေ့ကစပြီး တစ်ပြည်လုံးမှာ ကျုပ်တို့ တပ်မတော်က ကြီးမှူးပြီး ဂျပန်ကို တော်လှန်ခဲ့တယ်။ အဲဒီအရင်ကလည်း ရခိုင်ပြည်မှာရှိတဲ့ အရင် ၁၉၃၆ ခု ကျောင်းသားသပိတ် တုန်းက သပိတ်မှောက်အဖွဲ့ချုပ် လူကြီး တစ်ဦးဖြစ်ခဲ့တဲ့ ကိုညိုထွန်းက ကမကထ လုပ်လို့ ဦးပညာသီဟက ခေါင်းဆောင်ပြီး ရခိုင်ပြည် အမျိုးသားများက မဟာမိတ် များပေးတဲ့ လက်နက်များနဲ့ ဂျပန်ကို ပုန်ကန်ခဲ့ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားများဖြစ်တဲ့ ကချင်တို့၊ ချင်းတို့ကလည်း ဂျပန်ကို တိုက်ခဲ့တယ်။ ကရင်အမျိုးသားများလည်း ဒီကိစ္စမှာ စိုင်းပြင်းခဲ့တယ်။ နောက်ဆုံး သူတို့ဟာ တောင်ငူနယ်မှာ အထူးသဖြင့် အောင်အောင်မြင်မြင်နဲ့ ဂျပန်ကို တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ တပ်မတော်မှာရှိတဲ့ ကရင်တပ်ရင်းကလည်း မြစ်ဝကျွန်းပေါ် အနောက်ပိုင်းကို တာဝန်ယူတိုက်ခဲ့တယ်။
နောက် အထက်ဗမာပြည် မန္တလေးတစ်ဝိုက်မှာ ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီး ဗထူးကြီးမှူးပြီး ကျုပ်တို့ တပ်မတော်က ဂျပန်ကိုတိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီး ဗထူး တိုက်ပေးတဲ့အတွက် မန္တလေး တိုက်ပွဲဟာ လျင်မြန်စွာအောင်မြင်ရတယ် ဆိုတာကို ဟိုတုန်းက ဗမာပြည် တိုက်ခိုက်ရေးကို ကြီးမှူးအုပ်ချုပ်ရတဲ့ မဟာမိတ်တပ်မတော် အမှတ် (၁၄) တပ်မှူး လက်ဖတင်နင် ဂျင်နရယ် ဆာဝီလီယံ ဆလင်း ကိုယ်တိုင် ရေဒီယိုက ချီးကျူးပြောခဲ့တယ်။ နောက်ကိုလည်း ဗိုလ်မှူးကြီးဗထူးဟာ မြို့တွေရွာတွေ အမြောက်အမြားသိမ်းပြီး ရှမ်းပြည်ဘက် တက်တိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဗထူးကို မဟာမိတ် ဒီဝီဇံတပ်မမှူးတိုင်းလိုလို သိကြတယ်၊ ချီးကျူးတယ်။ ၄ နံပါတ် တပ်မမှူးဖြစ်တဲ့ လက်ဖတင်နင် ဂျင်နရယ် မက်ဇာဗီက ဗိုလ်မှူးကြီးဗထူးရဲ့အကြောင်းကို လန်ဒန်ဂေဇက် (ဘိလပ်အစိုးရဂေဇက်) ထဲမှာ ထည့်ပြီး ကြေညာမယ်လို့ပြောခဲ့တယ်။ နောက် မိတ္ထီလာမှာရှိခဲ့တဲ့ တပ်ရင်း ၅ ကလည်း ဂျပန်ကို တိုက်ခဲ့တယ်။ တစ်ပြည်လုံးမှာတော့ မတ်လ ၂၈ ရက် နေ့ကစပြီး တိုက်ခဲ့တယ်။
အဲဒီလိုတိုက်ခဲ့တဲ့အခါ တောင်ငူဘက်မှာ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ခွဲနဲ့ ကျုပ်တို့တပ်မတော်က ဗိုလ်အကြပ် ၃၀ လောက် ကြီးမှူးပြီး ပြောက်ကျားတပ်များ သီးခြားဖွဲ့ပြီးလည်း တိုက်ခဲ့တယ်။ ကျုပ်တို့ တပ်မတော်နဲ့ ပြောက်ကျားတပ်တွေ တိုက်လိုက်တဲ့အတွက် ဂျပန်ပေါင်း နှစ်သောင်းထက်မနည်း ကျဆုံးခဲ့တယ်။ သုံ့ပန်းပေါင်း နှစ်ရာ၊ သုံးရာခန့် ဖမ်းမိတယ်။ ဂျပန်သုံ့ပန်း ဒီလောက်ဖမ်းနိုင်တယ် ဆိုတာ တော်တော်ကို ထူးခြားတယ်။ အခြားလူမျိုးတွေနဲ့ စစ်တိုက်ရတဲ့အခါ သုံ့ပန်းရဖို့လွယ်သလောက် ဂျပန်ကို သုံ့ပန်းရဖို့မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေကိုယ်တိုင်က အသိအမှတ်ပြုကြတယ်။ နောက် ကျွန်တော်တို့တပ်တွေသိမ်းတဲ့မြို့တွေ ရွာတွေ တိုက်ပွဲတွေအကြောင်း အစုံအလင်ကိုတော့ နောက်မှ စာအုပ်စာတမ်း ကျကျနနထုတ်တဲ့အခါ ခင်ဗျားတို့သိကြမှာပဲ။ ထူးခြားတဲ့အချို့အချက်တွေကို ဖော်ပြရရင် ဂျပန် လက်ဖတင်နင် ဂျင်နရယ် တစ်ယောက်၊ မေဂျာဂျင်နရယ်နှစ်ယောက် နဲ့ အခြားအရေးကြီးတဲ့ ဂျပန်အရာရှိအမြောက်အမြားကို သတ်ဖြတ်ခဲ့တယ်။ တောင်ငူနယ်မှာ ပြောက်ကျားတပ်များက ကူညီတိုက်ခိုက်ခဲ့တဲ့အတွက် မဟာမိတ်တပ်များ ရန်ကုန်အရောက်မြန်ခဲ့တယ် ဆိုတာကိုလည်း မဟာမိတ်များက အသိအမှတ်ပြုခဲ့တယ်။ မှော်ဘီလေယာဉ်ပျံကွင်းမှာ ဂျပန်လေယာဉ်ပျံ သုံးစင်းကိုဖျက်ဆီးခဲ့တယ်။ ဂျပန်တွေသိမ်းထားတဲ့ စပါးအမြောက်အမြား၊ ပစ္စည်းအမြောက် အမြားတွေကို အပြေးမြန်တဲ့အတွက် မီးမရှို့နိုင်ဘဲထားပစ်ခဲ့ရတယ်။ အဲဒါတွေ ထဲက အမြောက်အမြား ပစ္စည်းတွေကို စနစ်တကျနဲ့ နယ်သူနယ်သားတွေကို ဝေပေးနိုင်ခဲ့တယ်။ ပေါင်းတည်ဘက်မှ ချွေးတပ် ရှစ်ထောင်လောက်ကို ဂျပန်တွေ ဆီက ထွက်ပြေးသွားနိုင်အောင် လုပ်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်လည်း ထောင်ကိုဖောက်၊ ဖမ်းထားတဲ့ရဲဘော်တွေ လွှတ်ပစ်လုပ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်လိုက်တဲ့အတွက် ရန်ကုန်မြို့က ဂျပန်တွေအပြေးမြန်ပြီး ဂျပန်အဖျက်အဆီး နည်းသွားတယ်။ နောက်ဆုံး စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြတယ်။
ဒီလို ကျွန်တော်တို့တိုက်တာကို ဘိလပ်မှာရှိတဲ့ သတင်းစာကြီးတွေကရော၊ ဥရောပတိုက်၊ အမေရိက၊ အိန္ဒိယ၊ တရုတ် ပြည်မှာရှိတဲ့ သတင်းစာကြီးတွေကရော ချီးကျူးရေးသားရတယ်။ အထူးသဖြင့် ဘိလပ်မှာရှိတဲ့ နာမည်အကြီးဆုံး လန်ဒန်တိုင်းမ် သတင်းစာကြီးက ခေါင်းကြီးပိုင်း ကနေပြီး ကျကျနန ရေးသားရတယ်။ အရင်တုန်းက ဗမာပြည်ရဲ့အကြောင်းကို ဒီသတင်းစာခေါင်းကြီးပိုင်းက သာမညလောက် ရေးသားဖူးရုံပဲရှိတယ်။ ဒီတစ်ခါပဲ ကျကျနန ကျွန်တော်တို့ တပ်မတော်ကို ချီးကျူးရေးသားတယ်။ ဘိလပ်ပါလီမန်မှာရော၊ သူတို့ထုတ်တဲ့ စက္ကူပြာတို့ စက္ကူဖြူတို့မှာရော ကျုပ်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနဲ့ တပ်မတော်တို့အကြောင်းကို အရေးတယူ ပြောဆို ရေးသားရတယ်။ ဒါတောင်သူတို့ ကျုပ်တို့တိုက်တာတွေ အကုန်မပြောသေးဘူး။ ထိန်နိုင်သလောက် ထိန်ထားသေးတယ်” ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။
သံသယများဖြစ်ပေါ်အောင်ပြုလုပ်
အရင်းရှင်နယ်ချဲ့ကို မြန်မာ့မြေပေါ်မှ တွန်းလှန်တိုက်ထုတ်ခဲ့ခြင်း၊ ဖက်ဆစ်ကို တော်လှန်ခဲ့ခြင်းနှင့် နိုင်ငံလွတ်လပ်ရေးကို ရယူခဲ့ခြင်းတို့ကို လေ့လာဆန်းစစ် ကြည့်မည်ဆိုပါက တစ်မျိုးသားလုံး၏ ခေါင်းဆောင်ကောင်းနှင့် တပ်မတော်၏ ဦးဆောင်မှုနောက်တွင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း အတူတကွ ပူးပေါင်း လိုက်ပါ အောင်ပွဲရယူနိုင်ခဲ့ခြင်းပင်ဖြစ် သည်။ သို့ရာတွင် နယ်ချဲ့လက်အောက်ခံဘဝကျရောက်ခဲ့ရသည့် ဆိုးမွေများက မြန်မာနိုင်ငံ၏သမိုင်းကို လက်ရှိအချိန် အထိ ဆက်လက်ဖန်တီးနေဆဲဖြစ်သည်။ ကိုလိုနီနိုင်ငံဘဝတွင် ပဒေသရာဇ်စနစ် နိဂုံးချုပ်သွားခဲ့ပြီးနောက် နိုင်ငံတွင်အခိုင်အမာ အင်စတီကျူးရှင်း မကျန်ရှိခြင်း၊ ဗမာနှင့် တိုင်းရင်းသားများအကြား အုပ်ချုပ်မှုပုံစံခွဲခြား၍ ကွဲပြားခြားနားမှု နက်ရှိုင်းအောင် ဖန်တီးခြင်းနှင့် သံသယများဖြစ်ပေါ်အောင် စနစ်တကျ ပြုလုပ်ခဲ့ခြင်းတို့က ယခုတိုင် ဖြေရှင်းရန်ခက်ခဲ နေဆဲဖြစ်သည်။
လက်နက်ကိုင်လမ်းစဉ်သို့လိုက်ခဲ့
နိုင်ငံတွင် နိုင်ငံရေးအားကောင်းပြီး နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားမည်၊ နိုင်ငံရေးအလိုမကျမှုနှင့် နိုင်ငံရေး ပြဿနာတို့ ဖြစ်ပေါ်လာခဲ့လျှင်လည်း နိုင်ငံရေးနည်းလမ်းဖြင့် ကျေလည်အောင် ဖြေရှင်းနိုင်ကြမည်ဆိုလျှင် စစ်ရေးဟူသည် နောက်တန်းတွင်သာ ထားရစမြဲ။ သို့ရာတွင် မိမိတို့နိုင်ငံသည် ကိုလိုနီဘဝ ကျရောက်သည်မှစကာ လွတ်လပ်ရေး ရပြီး ခေတ်အဆက်ဆက်တို့တွင် နိုင်ငံရေး ပြုစုပျိုးထောင်မှု အားနည်းခဲ့သည်။ ထိုအခါ သမိုင်းပေးအခြေအနေအရ နိုင်ငံ ၏ တစ်ခုတည်းသော အခိုင်အမာ အင်စတီ ကျူးရှင်းဖြစ်သည့် တပ်မတော်က နိုင်ငံ့ အရေးအရာများတွင် အရေးကြုံလာသည့် အခါ မဖြစ်မနေ ဝင်ပါလာရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် ဥပဒေမဲ့ ပြုကျင့်မှုများက နိုင်ငံကို အရေးပေါ်အခြေ အနေဆီသို့ ကျရောက်စေခဲ့သည့်အပြင် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် ဒေသ အသီးသီးဆီသို့ ပြန်လွှတ်ပေးခဲ့သည့် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကလည်း သပိတ်စုံသူပုန်ထ၍ အကြမ်းဖက် အဖွဲ့အစည်းအသီးသီးတို့ထောင်ကာ လက်နက်ကိုင်သောင်းကျန်းမှုလမ်းစဉ်သို့ လိုက်ခဲ့ကြသည်။
ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ လူမျိုးစုလွတ်မြောက်ရေး၊ စစ်အာဏာရှင် ကျဆုံးရေး စသည့်ခေါင်းစဉ်အမျိုးမျိုးတို့၏ အောက်တွင် လေးနှစ်ကျော်ကြာ အဖျက်အမှောင့် အကြမ်းဖက် လုပ်ခဲ့ကြသည့် လက်ရှိအခြေအနေ၊ ပကတိ မြင်ကွင်းတို့မှာ ရှင်းလင်းစွာ တွေ့မြင်နေ ကြရပြီဖြစ်သည်။ ကမ်ပိန်းအမည်အမျိုးမျိုး တပ်၍ စာရင်းမရှိ၊ အင်းမရှိ အလှူခံခဲ့ကြသည့် ထောက်ပို့ဆိုသူများ မယုံကြည် နိုင်ဖွယ်ရာ ချမ်းသာနေကြသည်။ အိမ်နီးချင်းနိုင်ငံတွင် ပန်းကန်ဆေး၊ အိုးတိုက်အဆင့် လုပ်ကိုင်ခဲ့ကြရသူတို့မှာလည်း ထောက်ပို့အမည်ခံ၍ ဆီးသီးဗန်းအမှောက်တွင် ကြီးပွားသွားကြသည်။ လေလှိုင်းအစိုးရ အမည်ခံသူတို့မှာလည်း ငွေကြေးအရှုပ်အရှင်း၊ လိင်ကိစ္စမှုခင်းအရှုပ်အရှင်း၊ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု အရှုပ် အရှင်းများပွေလီကာ မည်သူကမျှ လေးစားယုံကြည်မှုမရှိသည့် လူတစ်စုဖြစ်နေသည်။ တစ်တော တစ်ကြက်ဖ တွန်နေသည့် ပြည်တွင်း PDF တို့မှာလည်း လမ်းကြေး၊ ဂိတ်ကြေးကောက်ခြင်း၊ ကေတီဗွီ၊ အနှိပ်ခန်းနှင့် ဇိမ်ခန်းဖွင့်ခြင်း၊ ရေနံခိုး၊ သစ်ခိုး၊ တရားမဝင် ရွှေတူးခြင်း တိုဖြင့် ခေါင်းဆောင်လုပ်သူတို့ ချမ်းသာနေကြသည်။
အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်
လူမျိုးစုအမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ၏ မြင်ကွင်းတွင်လည်း ညီနောင် မဟာမိတ်များဟူသည့် ခေါင်းစဉ်အောက်မှ လက်သီးထိုးပွဲများ၊ အုပ်စုဖွဲ့ရိုက်ပွဲများ၊ အင်အားဖြင့် အနိုင်ကျင့် ဗိုလ်ကျပွဲများကို နေ့စဉ်မပြတ်ဆိုသလို မြင်တွေ့နေရသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ၏ ရင်နှစ်သည်းချာများနှင့် ဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော်ကို လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု စွပ်စွဲခဲ့ကြသည့် EAO တို့၏ လူမျိုးရေးအစွဲအလမ်းများမှာမူ အံ့ဩစရာကောင်းလောက်အောင်ပင် ကျဉ်းမြောင်းလွန်းလှသည်။ အကြမ်းဖက် လက်နက်ကိုင် တိုက်ခိုက်ဖျက်ဆီးမှုများ ကြောင့် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေ သည့် မြို့ပျက်၊ ရွာပျက် မြင်ကွင်းများ၊ ဆက်သွယ်သွားလာမှု ကင်းမဲ့သွားသည့် လမ်းမများနှင့် လမ်းတံတား အပျက်အစီး များ၊ တစ်ချိန်က စည်ကားခဲ့သော်လည်း ယခု ဖုန်းဆိုးတောသဖွယ်ဖြစ်သွားသည့် အပန်းဖြေနေရာများ၊ ပိုမိုများပြားလာ သည့် ဂူသင်္ချိုင်းများ စသည်ဖြင့် မြင်ကွင်း ကျယ်တစ်ခုလုံးမှာ အနိဋ္ဌာရုံများသာ ဖြစ်သည်။
ဤမြင်ကွင်းများ၏ တစ်ဖက်တွင်မူ ပိုမိုကြီးမားကျယ်ပြန့်သည့် မြင်ကွင်းကြီးအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် အားထုတ်ကြိုးပမ်းမှုတို့ မြင်တွေ့နေရသည်။ အခက် အခဲများနှင့် စိန်ခေါ်မှုများ ရှိနေသော်ငြား လုံ့လဝီရိယနှင့် ရင်ဆိုင်ကျော်လွှားမှုတို့ ရှိနေသည်။
ဘာသာ၊ ယဉ်ကျေးမှုနှင့် လောက ပါလတရားတို့ ရှိနေသည်။ အထူးသဖြင့် ယခုနှစ်ကုန် လာမည့် နှစ်ဆန်း အေးချမ်းသည့်အခါသမယတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မဆုတ်မနစ်သော သန္နိဋ္ဌာန် ဖြင့် ကြိုးပမ်းနေသည်။ ကာလယန္တရား သည် နောက်သို့မသွား၊ ရှေ့သို့သာသွားနေသည်။ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်တို က်ခိုက်မှုများနှင့် နယ်မြေ ချဲ့ထွင်တိုက်ခိုက်မှုများကို ဖယ်ရှား ရှင်းလင်းရမည်ဖြစ်သလို ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများနှင့် မိမိနိုင်ငံပိုင်နက်နယ်နိမိတ်ကို ဖဲ့ယူလိုသူ ပြည်ပ ဘေးအန္တရာယ်တို့ကိုလည်း ကာကွယ်သွားရန်လိုသည်။
တပ်မတော်၏ဦးဆောင်မှုခံယူ
နိုင်ငံကို တည်ဆောက်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း တာဝန်နှစ်ရပ်ကို ထမ်းဆောင်ရာတွင် ပြည်ထောင်စုဖွား ပြည်သူများ၏ ရင်နှစ်သည်းချာများနှင့် ဖွဲ့စည်းထားသည့် တပ်မတော်၏ ဦးဆောင်မှုကိုခံယူရေး၊ တပ်မတော်အင်အား တောင့်တင်းခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက် ရာတွင် ပါဝင်ကူညီရေး၊ ပြည်သူလူထုတစ်ရပ်လုံး တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကာ တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။