နေပြည်တော် ၁၈ နိုဝင်ဘာ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ ၁၃၇၈-၇၉ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့ ၁-ပါး၊ သာသန တက္ကသီလမဟာ ဓမ္မာစရိယ (M.A)ဘွဲ့ ၁၆-ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ(B.A)ဘွဲ့ ၁၀၂-ပါး၊ စုစုပေါင်း သံဃာတော် အရှင်သူမြတ် ၁၁၉-ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၅) ကြိမ်မြောက် သာသန တက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၁-ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁-နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသိမ် ဓမ္မာရုံခန်းမကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဘွဲ့ခံယူတော်မူမည့် သံဃာတော်များထံသို့ ပင့်လျှောက်လွှာများကို စာတိုက်မှတစ်ဆင့် ပေးပို့ ဆက်ကပ်ထားပြီးဖြစ်ပါသည်။ ပင့်လျှောက်လွှာကို လက်ခံရရှိခြင်း မရှိပါကလည်း ဘွဲ့နှင့်ဓမ္မာရုံသို့ ဒီဇင်ဘာလ (၉) ရက်နေ့အရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားနိုင်ကြောင်းနှင့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြတ်စွာဘုရား(၁)ဆူအပါအဝင် ပင့်သံဃာတော်(၁၁၃)ပါး၊ ဘွဲ့သံဃာတော်(၁၁၉)ပါး၊ စုစုပေါင်း(၂၂၃)ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်၍ ဆွမ်းဆန်စိမ်း လောင်းလှူလိုသော ဌာနဆိုင်ရများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်း ပုဂ္ဂလိက အလှူရှင်များ အနေဖြင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့၊ ဆွမ်းဆန်စိမ်း လောင်းလှူရေး ကော်မတီ၊ (ဖုန်းဝ၁-၈၂၂၁၀၅၂)၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဖုန်း ဝ၉-၄၄၈၅၄၀၃၃၄၊ ဝ၉-၂၅၉၆၂၈၁၆၄၊ ဝ၉-၄၄၉၅၂၂၇၄၄ တို့ကို ဆက်သွယ် လှူဒါန်း နိုင်ပါကြောင်းနှင့် လှူဖွယ်ရာ ဝတ္ထုပစ္စည်းများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သမဝါယမ တန်ဆောင်း(အောက်ထပ်) ကမ္ဘာအေးကုန်းမြေသို့ (၆-၁၂-၂၀၁၉) ရက် သောကြာနေ့ နောက်ဆုံးထားပေးပို့ လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


