မန္တလေး ဒီဇင်ဘာ ၁၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့၏ အကြိမ် (၃၀) မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် မဟာဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တက္ကသိုလ်များမှ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယ ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဆရာတော်များ၊ ပြင်ပကျမ်းစစ် ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ သင်ကြား/ စီမံဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ၊ ပြင်ပပညာရှင်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်က ဆုတောင်းပတ္တနာပြုကာ သာရဏီယဩဝါဒကထာကိုလည်းကောင်း၊  နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယက နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက သမ္ဗောဒနီယဩဝါဒကထာကို လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)  မော်ကွန်းထိန်း ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမုဒက အကြိမ် (၃၀) မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း မြွက်ကြား ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဝန်ကြီးဌာနအနေဖြင့် သာသနာတော်ဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများကို တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များမှ ဘွဲ့ခံသံဃာတော်များ နှစ်စဉ်ပေါ်ထွန်းရေး၊ နယ်စပ်တောင်တန်းဒေသများတွင် သာသနာ ထွန်းကားပြန့်ပွားနိုင်ရေးတို့ကို  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆန္ဒပြုလျှောက်ထားသည်။

ယင်းနောက် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးပြီး ပါမောက္ခချုပ်ဆရာတော်များထံ အသီးသီး ဘွဲ့ခံယူကြကာ ဘွဲ့ခံရဟန်းတော်များသည် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကြီးရှေ့မှောက်တွင် သာသနာပြု ကတိသစ္စာခံယူကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော် ဘဒ္ဒန္တစန္ဒနသာရထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူ ပူဇော်ကြသည်။

ယနေ့ သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်တွင် သာသနတက္ကသီလ မဟာဓမ္မာ စရိယ M.A (Buddhism)၊ ဘွဲ့ရ (၁၄) ပါး၊ သာသနတက္ကသီလ နတက္ကသီလ ဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ (၁၁၄) ပါး စုစုပေါင်းဘွဲ့ရ အရှင်သူမြတ် ၁၂၈ပါး ဘွဲ့ခံယူခဲ့ကြပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ အကြိမ် (၃၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားထိ ဘွဲ့ခံယူခဲ့ကြသည့် ရဟန်းတော် စုစုပေါင်း (၃၃၁၆) ပါး ပေါ်ထွန်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်