ရန်ကုန် ဖေဖော်ဝါရီ ၂၁

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများ အမှူးပြုသော ပညာရေးနှင့် ပြည်ပရေးရာအဖွဲ့ ဆရာတော်ကြီးများသည် ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့  ကြွရောက်တော်မူကာ လေ့လာကြသည်။

 

ဦးစွာ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ကြိုဆိုနှုတ်ခွန်းဆက်စကား လျှောက်ထားပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိန်မော်က တက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသော သင်ကြား ရေးရာ ကိစ္စရပ်များ၊ သင်တန်းသားများ၏ နေထိုင်စားသောက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ power point ဖြင့် ရှင်းလင်းလျှောက်ထားကာ ဆရာတော်ကြီးများအား သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများ အမှူးပြုသော ပညာရေးနှင့် ပြည်ပရေးရာအဖွဲ့ ဆရာတော်ကြီးများက တက္ကသိုလ်အတွင်း ကြွရောက်၍ ဘာဝနာမဟာ သဘာတရားထိုင်ခန်းမ၊ တက္ကသိုလ်စာကြည့်တိုက်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ လှူဒါန်းသော မြေနေရာနှင့် ပြင်ဆင်လျက်ရှိသော ပြည်ပ သင်တန်းသူ အိပ်ဆောင်များ၊ တက္ကသိုလ် ပင်မဆွမ်းစားဆောင်ကြီး၊ စာသင်ဆောင်များနှင့် စာသင်ခန်းမများအတွင်း သင်ကြားပို့ချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

 

သတင်းစဉ်