ရန်ကုန် ၁၁ မေ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ သက်တော် (၉၁) နှစ်မြောက် ဝိဇာတမွေးနေ့ အကြိုအဖြစ် တပည့်၊ ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ချို့တဲ့ပြည်သူများအား အခြေခံစားသောက်ကုန်များ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ပြုလုပ်သည်။
အလှူဒါယကာတစ်ဦးဖြစ်သူ ဦးထွန်းရင်ဦး (ခ) ဦးထွန်းထွန်းက “ ဆရာတော်ကြီးရဲ့ဆန္ဒအရ ဒီနေရာကို လာရောက် လှူဒါန်းတာပါ။ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အမှန်တကယ် ချို့တဲ့သူတွေကို လှူဒါန်းဖို့ ဆရာတော်ကြီးက မိန့်ကြားတဲ့အတွက် အခုလို လှူဒါန်းတာဖြစ်ပါတယ်။ လှူဒါန်းနိုင်ဖို့အတွက် စာရင်းကောက်ယူမှုနဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက်ခဲ့ရပါတယ်” ဟု ပြောသည်။
အဆိုပါလှူဒါန်းမှုကို ဆရာတော်၏ တပည့်ရင်းများနှင့် သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု လူမှုကွန်ယက်တို့က ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး လှူဒါန်းမှုအနေဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရှမ်းကျောင်းရပ်ကွက်၊ ဘုရင့်နောင် တံတားအမှတ်(၂) အောက်တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၂၀၀ နှင့် ဒိုင်စုရပ်ကွက်ရှိ အိမ်ထောင်စု ၂၅၀ တို့အား အိမ်ထောင်စုတစ်စုလျင် ငါးပြည်ခန့်ပါရှိသည့် ဆန်တစ်အိတ်နှင့် ဆီ၊ ကြက်ဥ၊ ငါးခြောက်၊ ငါးပိရည်နှင့် ငါးပိထောင်း စသည့် အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့သည့်အပြင် နှာခေါင်းစည်းများကိုလည်း ဝေမျှပေးခဲ့ကြသည်။
ရှမ်းကျောင်းရပ်ကွက်၊ ဘုရင့်နောင်တံတား အမှတ်(၂) အောက်တွင် နေထိုင်သူ ဒေါ်ဝင်းဝင်းမော်က “လက်လုပ် လက်စား နေ့စားလုပ်သားတွေပါ။ အခုလိုကာလမှာ ဒီလိုလှူဒါန်းမှုဟာ ကျွန်မတို့အတွက်တော့ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ကျွန်မတို့ မိသားစုအတွက်တော့ သုံး၊ လေးရက်စာလောက် အစားအသောက်အတွက် ပူပင်စရာမလိုတော့ပါဘူး။ အခုလို လှူဒါန်းပေးတဲ့ ဆရာတော်ကြီးလည်း ကျန်းမာပြီး သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။
အလားတူ ယင်းကဲ့သို့ လှူဒါန်းမှုအနေဖြင့် ယနေ့မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ် ၁၅ လမ်းရှိ မြို့နယ် စည်ပင်သာယာရုံး၌ စည်ပင်သာယာဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် မေ ၁၂ ရက်တွင် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၌ အိမ်ထောင်စု ၁၈၀ အား လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အလှူ ဒါယကာ ဦးထွန်းရင်ဦး(ခ) ဦးထွန်းထွန်း ထံမှသိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)


