ကနောင်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့် ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်၊ ကိုယ်ကျိုးရှာ ပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျ လိုက်နာခြင်းဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက်အချို့ကို ကောက်နုတ် တင်ပြလိုက်ရပါသည်။

 

အကြီးအကဲများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုးလပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများထံသို့ နိုဝင်ဘာ ၁ ရက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ကိုးလတာအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်မှု၊ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအစီအစဉ်၊ စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး တိုးမြှင့်ထုတ်လုပ်နိုင်စေဖို့၊ စက်သုံးဆီနှင့် စားသုံးဆီ သုံးစွဲမှုခြိုးခြံ ချွေတာစေဖို့နှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်၍ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး၊ စက်မှု ကုန်ထုတ်နှင့် ကုန်သွယ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။

 

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၃ ရက်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာ ဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်တို့အား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့သည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေး၊ စည်းကမ်း လိုက်နာရေးနှင့် စိုက်ပျိုးမွေးမြူရေးအပါအဝင် ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။ နိုဝင်ဘာ ၇ ရက်က ကျင်းပသည့်ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်များ အားလုံးတန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီး တစ်ခုကို နောင်မျိုးဆက်သစ်များအတွက် အကောင်းအဖြစ်ချန်ထားပေးကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

 

နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်းတကော်စက်မှုဇုန်၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၌ ချည်မျှင်နှင့်အထည် ထုတ်လုပ်သုံးစွဲမှုတွင် လိုအပ်ချက်များ ရှိသဖြင့် ပြည်ပသွင်းကုန် လျှော့ချရန် ပြည်တွင်းစက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အမြတ်ကို အဓိကမထားဘဲ ပြည်သူများ ဈေးနှုန်းသက်သာစွာ ရရှိရေးနှင့် ကုန်ကြမ်းရရှိအောင် စိုက်ပျိုးမှုအခြေအနေမှသည် ဈေးကွက်တွင် အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်ရေးအထိ လမ်းညွှန်မှာကြားခဲ့သည်။

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်က ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်တော်၌ ကျင်းပသည်။ စကျင်ကျောက်တော်ကြီး အဆင့်ဆင့် တူးဖော်ခြင်းမှသယ်ယူခြင်း၊ ထွင်းထုခြင်းတို့အပြင် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ ဇရပ်၊ မင်္ဂလာ တံတား စသည့် ဘုရားကျောင်းကန်များကို ရတနာပုံခေတ် လက်ရာဖြင့် တည်ထားမည်ဟု သိရှိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား - မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယ ညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC “Rosoboronexport” ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၂ ရက်က လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းမှုတိုးမြှင့်နိုင်မည့်အခြေအနေ၊ ခေတ်မီမြန်မာ့ တပ်မတော်အဖြစ် အဆင့်မြှင့်တင်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လူသားအရင်းအမြစ်နှင့် နည်းပညာလိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့မှု၊ နှစ်နိုင်ငံကာကွယ်ရေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွား ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌တိုးမြှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စား လှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr. Yohei SASA KAWA အား နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံမှ ကူညီပေးလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန် တို့ကိုလည်း တွေ့ဆုံ၍ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအတွက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်း ကျောင်းသား ကျောင်းသူ ၇၂ ဦးကို တွေ့ဆုံအမှာစကား ပြောကြားသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်း သဘင်ခန်းမနှင့် ပင်လုံခန်းမတို့မှ ကျောင်းသား ကျောင်းသူ ၂၀၀က Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) အား နိုဝင်ဘာ ၂၃ ရက်ကကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူများ သိရှိနားလည် လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်ကို တွေ့ရသည်။

           

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပရာ နိုင်ငံ တော်ဝန်ကြီးချုပ် ရှေ့မှောက်တွင် ကောင်စီဝင်များက ကတိသစ္စာပြုကြသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာရယူ ဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင် ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်းနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတွင် စာနယ်ဇင်းဆိုင်ရာ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ ပါဝင်ကြသည့်အတွက် သတင်းမီဒီယာ လောကအကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို အောင်မြင်အောင် ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၂၁)၏ ဒုတိယမြောက်နေ့ နိုဝင်ဘာ ၂၆ ရက်၌ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တက်ရောက် မိန့်ခွန်းပြောကြားရာတွင် စစ်မှုထမ်း ဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသူများသည် ယခင်က တိုင်းပြည် နှင့်လူမျိုးအတွက် မိမိတို့၏အသက်ခန္ဓာကိုပင် မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်းနှင့် ယနေ့အချိန်တွင် တိုင်းပြည်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့သည် တာဝန်သိသိနှင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော် ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ပြည်သူများအတွက် သဝဏ်လွှာပေးပို့ခဲ့ရာ၌ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြည်သူများ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာ သက္ကရာဇ်  ၁၂၈၂ခု၊ တန်ဆောင်မုန်းလ ပြည့်ကျော် ၁၀ ရက်) တွင် ဆန့်ကျင် ကန့်ကွက်ခဲ့ရာမှ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် ပညာရေးပြောင်းလဲမှုများသည် အဓိက အခန်းကဏ္ဍ ဖြစ်ကြောင်းနှင့် တိုင်းရင်းသားပြည်သူများသည် အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်း သံသယ စိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်ကကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြား၍ အခမ်းအနား ပြင်ဆင်ဖိတ်ကြားရေး အစီအစဉ်များကို ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်း အဝေး (6th ASEANSAI Summit) ကို နိုဝင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော်အဖြစ် Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံအတွင်း နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ဆက်စပ်အဖွဲ့ အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့အတူ (၂၂) ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (22nd ASEAN Chiefs of Army MultiLateral Meeting ) ကို နိုဝင်ဘာ ၁၂ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးတွင် အာဆီယံ ကြည်းတပ်များ၏ အခန်းကဏ္ဍ (The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic) ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးရာ စီးပွားရေးနှင့် ဆက်စပ်ပြီး လူမှုစီးပွားဘဝ ပြန်လည်နာလန်ထူရေး လုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် နိုင်ငံများအားလုံး ဦးစားပေး လုပ်ဆောင်ရမည့် အရေးကြီးဆုံးလုပ်ငန်းတစ်ခု ဖြစ်လာမည်သဖြင့် နိုင်ငံများအကြား ပူးပေါင်းမှုများကို ပိုမိုတိုးမြှင့်သွားရန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဘုံအကျိုးစီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းသွားကြပါက နိုင်ငံအားလုံးအတွက် ပိုမိုထိရောက်ပြီး အကျိုးများစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ။

 

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အခမ်းအနားအတွင်း တပ်မတော်၏ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေး တိုးတက်မြင့်မားစေရေး၊ တရားဥပဒေစိုးမိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေ ရေးစသည့် ကဏ္ဍများအလိုက်ဆွေးနွေး ပြောကြားခဲ့သည်။ ထို့ပြင်ယနေ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွင်သာမက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါ ASEAN Centrality, ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလား ဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်းနှင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ်ပြင်လွယ် တောင်းဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ် တစ်ဦးကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် အချက်ကို ကျော်လွန်၍ တွေ့ခွင့်ရရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရမှု အပါအဝင် နိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက်မည့် လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ်များကို ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံအလိုက် ဆွေးနွေးတင်ပြချက်များ အပေါ် မြန်မာ့တပ်မတော်မှ ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာယဉ်ယဉ်နွယ်က အနှစ်ချုပ် သုံးသပ်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

 

mdn

 

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲရေးအတွက် အထောက်အကူ ဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုးသတင်း အချက်အလက်စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) 2028 Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ် အတွက် ပြုလုပ်သည့် ASOCIO ICT Award သည် Digital Government Award ရရှိခဲ့သည်မှာ ယခုလအတွက် ထူးခြားဂုဏ်ယူဖွယ် သတင်းတစ်ရပ် ဖြစ်သည်။

 

အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် (၃) ကြိမ် Good Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာအချက်အချာကျမှု၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တပ်မတော် (ရေ) မှ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျ မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို Navy to Navy Staff Talks, Coordinated Patrol, Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်ဆွေးနွေးခဲ့သည်။

 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နိုဝင်ဘာ ၁၇ ရက်က လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုး မှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့်စကားဝိုင်း ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

 

အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ပြီး အင်တာပိုလ်အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်ဒေသ ဆိုင်ရာကိုယ်စားလှယ် ၁၂ နေရာ အသစ်ရွေးချယ်မှုကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခြင်းတို့တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ခြင်း အပါအဝင် အင်တာပိုလ်၏ ရဲတပ်ဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းနိုင်မည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမို တိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

(၁၁) ကြိမ်မြောက် အာဆီယံဥပဒေ ရေးရာဝန်ကြီးများ အစည်းအဝေး (ALAWMM) အား အောက်တိုဘာ ၂၇ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကို အလေးထားလိုက်နာပြီး ပဋိညာဉ်စာတမ်းပါ တာဝန်ရှိမှုများကို လေးစားလိုက်နာခဲ့ပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့်အတူ လက်တွဲဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည် ALAWMM ၏ ဆောင်ရွက်မှုများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြောင်းနှင့် (၁၉) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထို့အတူ(၄၂)ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း (42nd ALA Governing Council) အစည်းအဝေး၊ နိုဝင်ဘာ ၁၇ ရက်ကကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံ- ကနေဒါစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC The Association of Asian Constitutional Courts and Equivalent Institutions) အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ နိုဝင်ဘာ ၁၉ ရက်တွင် (၂၂) ကြိမ်မြောက် တရားသူကြီးချုပ်များ အပြည်ပြည်ဆိုင်ရာညီလာခံ (WEBINAR of the 22nd International Conference of Chief Justice of the World)၊ (၅၉) ကြိမ်မြောက် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိ သူများက မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့ကြသည်။

 

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံများအကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယခုလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက Virtual Conferencing စနစ်ဖြင့် ပူးပေါင်းဆွေးနွေးခဲ့ပြီး အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Godoos (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP)) ၏ (၅၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် (၇၇) ကြိမ်မြောက် ဦးဆောင် ကော်မတီအစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ ငCOP ရုံးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တို့မှ Virtual ဖြင့်ကျင်းပရာတွင်လည်း မြန်မာနိုင်ငံ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်