၂၃ စက်တင်ဘာ
တိုင်းပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်သည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် မှီခိုနေသည်ဖြစ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား တို့၏ဘဝ မြင့်မားရေးသည် ရေနှင့်ငါးပမာ တစ်သားတည်းဆက်စပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရသည် တောင်သူလယ်သမားတို့အနေဖြင့် မြေယာလုပ်ပိုင်ခွင့်အား သားစဉ်မြေးဆက်ခိုင်ခိုင်မာမာရရှိစေရန် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို တိုင်းပြည်၏ ပကတိအခြေအနေနှင့် လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနှင့် ရေလှောင်တမံများအပါအဝင် ဆည်ရေသောက်စနစ်ပြုပြင်မွမ်းမံခြင်းသည် ဆက်စပ်လျက်ရှိပါသည်။ မိုးစပါးစိုက်ဧက ၁၂ ဒသမ ၃ သိန်းခန့်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်သည်သာမက နွေစပါးစိုက်ဧက ၁၁ ဒသမ ၆၇ သိန်းခန့်ကိုလည်း စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပါသည်။ နွေစပါးစိုက်ဧကကို သုံးသပ်ကြည့်ပါက ယခင်ကထက် ၂ ဒသမ ၆ သိန်းခန့် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဒေသအလိုက် စိုက်ပျိုးရေပိုမိုရရှိရေးကို ဦးတည်၍ နိုင်ငံတော်အစိုးရက စက်ရေတွင်း ၁၅၀ဝ ခန့် တူးဖော်ပေးသကဲ့သို့ သောက်သုံးရေရရှိရေးအတွက်လည်း စက်ရေတွင်း ၄၀ဝ ခန့်ကို တူးဖော်ပေးခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲနိုင်သည်နှင့်အမျှ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အလေအလွင့်နည်းပါးရေးတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရက လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရေးကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အသားတင်စိုက်ဧရိယာ၏ ၇၅ ရာခိုင်နှုန်းခန့်အား စက်အားသုံး ထွန်ယက်ရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
တိုင်းပြည်၏ ဖြတ်သန်းခဲ့သော သမိုင်းကြောင်းအရ ဖြစ်ပေါ်ခဲ့သည့် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စွန့်လွှတ်ရေးကို နိုင်ငံတော်အစိုးရက အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်ခဲ့သည့်အတွက် စုစုပေါင်းစွန့်လွှတ်မြေ ၆၃၄၁၇ ဧကအထိ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါစုစုပေါင်း စွန့်လွှတ်မြေ ၆၃၄၁၇ ဧကအနက် ၁၃၀၉၁ ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၅၀၃၂၆ ဧကအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်သည် လယ်ယာကဏ္ဍအား အခြေခံလျက် နိုင်ငံ့စီးပွားရေးကို တွန်းတင်ရန်ဖြစ်သည်နှင့်အညီ လယ်ယာကုန်ထုတ်လုပ်ငန်းများ မြင့်မားလာရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကိုချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အခြေခံလိုအပ်ချက်များဖြစ်သော မျိုးကောင်းမျိုးသန့်ရရှိရေး၊ ထုတ်လုပ်မှုစက်ကိရိယာသုံးစွဲနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစနစ်တကျသုံးစွဲနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားရှားပါးမှု ဖြည့်ဆည်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ ချေးငွေရရှိရေးကို နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးသကဲ့သို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများထုတ်ပေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးစရိတ်ချေးငွေနှင့် ပတ်သက်ပါကလည်း နိုင်ငံတော်အစိုးရသည် စပါးတစ်ဧကလျှင် ယခင်ကျပ်တစ်သိန်းမှ ယခုကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ပေးထားသကဲ့သို့ အခြားသီးနှံ တစ်ဧကလျှင် ယခင်ကျပ်နှစ်သောင်းမှ ယခုကျပ်ငါးသောင်းအထိ တိုးမြှင့်ပေးထားရာမှ ကျပ်တစ်သိန်းထိ တိုးမြှင့်ပေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အထက်ပါတင်ပြချက်တို့ကို ကြည့်ရုံမျှဖြင့် နိုင်ငံတော်အစိုးရက တိုင်းပြည်စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးကို ခွန်စိုက်အားစိုက်ကြိုးပမ်းနေသည်မှာ ပေါ်လွင် ထင်ရှားနေကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။မြန်မာ့အလင်း