စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာနေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ ဆေးသမားကြီးကျေးရွာနေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များ
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာနေ ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
ဦးအောင်နိုင်ဦး (ညွှန်ကြားရေးမှူး) ခရိုင်အုပ်ချုပ်ရေးမှူး စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ကျွန်တော်တို့ အခု အောင်မင်္ဂလာရပ်ကွက်မှာ ရောက်နေတာဖြစ်ပါတယ်၊၊ ဒီမှာ တွေ့မြင်နေရတာတော့ အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းပဲဖြစ်ပါတယ်၊၊ အောင်မင်္ဂလာရပ်ကွက်ထဲမှာ အစိုးရ စာသင်ကျောင်းတစ်ကျောင်းနဲ့ အာရဗီ စာသင်ကျောင်း နှစ်ကျောင်းရှိပါတယ်၊၊ လက်ရှိရောက်ရှိနေတဲ့ အစိုးရကျောင်းထဲမှာလည်း ရပ်ကွက်ထဲက ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ကြားနေတာဖြစ်သလို ဆရာ ဆရာမတွေလည်း အင်ပြည့်အားပြည့် သင်ကြားပေးနေတာ ဖြစ်ပါတယ်၊၊ ကျွန်တော်တို့ ဒီရပ်ကွက်အတွင်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ၂၀၁၃-၂၀၁၄ မှာတော့ ရပ်ကွက်ပြည်သူ တွေလုံခြုံရေးအတွက် အပြင်မှာလုံခြုံရေး စောင့်ပေးတာရှိတယ်၊ ဂိတ်တွေချထား တာရှိပါတယ်၊၊
၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ ဂိတ်တွေ ပြန်လည်ဖယ်ရှားပြီး ပြည်သူတွေ လွတ်လပ်စွာသွားလာနေကြပြီပဲ ဖြစ်ပါတယ်၊၊ ဘာအတားအဆီးမှ ချထားတာမရှိပါဘူး၊၊ အလားတူပဲ ကျွန်တော်တို့ ဒီနားမှာလည်း စည်ကားတဲ့ဈေးတစ်ခု ရှိပါတယ်၊၊ ဈေးနာမည်ကတော့ ရပ်ကွက်နေ ဒေသခံတွေက ဒီမိုကရေစီဈေးလို့ အမည်ပေးထားတဲ့ဈေး ဖြစ်ပါတယ်၊၊ ဒီအချိန်အခါမှာတော့ ဒီရပ်ကွက်အတွင်းမှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဘင်္ဂါလီလူမျိုးတွေ လွတ်လွတ်လပ်လပ် သွားလာနေတဲ့ နေရာဖြစ်ပါတယ်၊၊
ဒီစာသင်ကျောင်းလေးမှာ မြေကွက်လပ်တစ်ခုရှိပါတယ်၊၊ ထပ်ပြီးတိုးချဲ့ဖို့ စီမံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်၊၊
ကျွန်တော်တို့ ရောက်ရှိနေတာက အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း ဖြစ်ပါတယ်၊၊ ဒီကျောင်းမှာက ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေ ပညာ သင်ကြားနေတာဖြစ်ပါတယ်၊၊ ထပ်မံပြီးတော့ ဒီဘက်အဆောက်အအုံတိုးချဲ့ဖို့ မြေကွက်လပ်မှာ ကျောင်းဆောင်အသစ် ဆောက်လုပ်နိုင်ဖို့လည်း စီမံဆောင်ရွက်နေတာရှိပါတယ်၊၊ ကျွန်တော်တို့ ရောက်ရှိနေတာက စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာရှိတဲ့ ဈေးဖြစ်ပါတယ်။ ဈေးနာမည်က ဒီမိုကရေစီဈေး ဖြစ်ပါတယ်၊၊ ဒီဈေးထဲမှာ ရပ်ကွက်ထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ရောင်းဝယ်ဖောက်ကား နေတာရှိသလို ရခိုင်တိုင်းရင်းသားတွေ အခြားတိုင်းရင်းသားတွေလည်း ရောင်းဝယ် ဖောက်ကားနေကြတာဖြစ်ပါတယ်၊၊ ဒီမှာတော့ အခုလိုပဲ လွတ်လပ်အေးချမ်းစွာနဲ့ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါ တယ်၊၊
ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရ
ဆေးသမားကြီးကျေးရွာ စစ်တွေမြို့
ကျွန်မ ဒီမှာနေတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိပါပြီ။ အိမ်ထောင်သည်ပါ၊ ကလေးလေးယောက်ရှိပါတယ်။ ဆေးဝါးကုသမှုအခြေအနေက အစိုးရအဖွဲ့ဆီကနေ ဆေးဝါးကုသမှုခံယူလို့ရပါတယ်။ အစိုးရကျန်းမာရေးဌာနက တစ်လတစ်ကြိမ် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးတာမျိုးရှိပါတယ်။ လူနာဆိုရင်လည်း တစ်ပတ်တစ်ခါ၊ ဆယ့်ငါးရက် တစ်ခါလာပြီးတော့ ဆေးကုသမှုပေးလေ့ ရှိပါတယ်။ ကျွန်မတို့ လွတ်လွတ်လပ်လပ် ကုသခွင့်ရပါတယ်။
လုံခြုံရေးအနေနဲ့ဆိုရင် ကျွန်မတို့မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေရှိပါတယ်။ သူတို့က ကာကွယ်ပေးပါတယ်။ အကူအညီလိုအပ်လို့ သူတို့ဆီသွားပြောတဲ့အခါ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးတာမျိုးရှိပါတယ်။ သူတို့ဆီက အကောင်းဆုံး အကူအညီတွေရပါတယ်။ အစိုးရအဖွဲ့ကလည်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးတာမျိုး ရှိပါတယ်။ ကျွန်မအလုပ်က ကျပန်းပါ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်မယောက်ျားကလည်း ကျပန်းပါ။ လုံးဝ လွတ်လွတ် လပ်လပ်ရှိပါတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ အစိုးရအဖွဲ့ကလည်း လွတ်လွတ်လပ်လပ် နေလို့ရအောင် လုပ်ပေးပါတယ်။ အဆင်ပြေပါတယ်။
ကျန်းမာရေး အခြေအနေဆိုရင် ကျန်းမာရေးဌာနက ခုနကပြောသလိုမျိုး ကာကွယ်ဆေး တစ်လတစ်ကြိမ်လာပြီး ကာကွယ်ဆေးထိုးပေးတာမျိုး၊ ကိုယ်ဝန်ဆောင်ဆိုရင် ကာကွယ်ဆေးထိုးပေးတာ မျိုးရှိပါတယ်။ ကလေးဆိုရင် ကလေးနှစ်လပြည့်တဲ့အခါ ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ တကယ့်အရေးပေါ်ဆိုရင် အစိုးရအဖွဲ့က ဆေးကုသမှုပေးတာ မျိုးရှိပါတယ်။ အဲဒီမှာသွားပြီးတော့ လွတ်လွတ်လပ်လပ်ကုသလို့ရပါတယ်။
ပညာရေးကဏ္ဍဆိုရင် ကျွန်မတို့ ဆေးသမားရွာမှာ မူလတန်းလွန်ကျောင်း ရှိပါတယ်။ ခုနစ်တန်းအထိ မူလတန်းလွန်ကျောင်းမှာ ပညာသင်လို့ရပါတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းဆိုရင်တော့ သက္ကယ်ပြင်မှာ အစိုးရကျောင်းဖွင့်ထား တာရှိပါတယ်။ အဲဒီကျောင်းမှာသွားပြီး တော့ လွတ်လွတ်လပ်လပ် တက်လို့ရပါတယ်။ နိုင်ငံသားကတ်ပြားဆိုရင်၂၀၁၇ ခုနှစ်မှာတော့ စီမံချက်အနေနဲ့ အစိုးရအဖွဲ့ လဝက က လာပြီးတော့ လုပ်ပေးတာမျိုး ရှိပါတယ်။ ရထားတဲ့ လူလည်းရှိပါတယ်။ မရတဲ့လူလည်း ရှိပါတယ်။ ကျွန်မကတော့ လျှောက်ထားဆဲပါ။ ကျွန်မတို့ရမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ မဲပေးဖို့တော့ ကျွန်မမှာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မ သွားကြည့်ပါတယ်။
သတင်းအဖွဲ့


