နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒနှင့်အတွေးအမြင်

 ၈ ဇူလိုင်

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၏ ရှင်းလင်းပြောဆို ချက်များအပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒနှင့် အတွေးအမြင်တို့ကို တင်ပြလိုပါသည်။ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်သည် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု (sustainable economic development) ဖြစ်ပါသည်။ ဤသို့ ရေရှည်တည်တံ့  ခိုင်မြဲသော စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာ၌လည်း တာဝန်သိသောရင်းနှီးမြှုပ်နှံမှု (responsible investment) များ ပိုမိုဝင်ရောက်လာရေးကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်ရာ၌လည်း နိုင်ငံအတွင်းသို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုတို့အား လက်ခံရုံဖြင့် ကျေနပ် အားရနေမည် မဟုတ်ပါ။ နိုင်ငံတကာရှိ နာမည်ကောင်းရှိသကဲ့သို့ ထင်ရှားမှုလည်းရှိသော လုပ်ငန်းကြီးများအား နိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ချဉ်းကပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှု အနေအထားအပေါ် သုံးသပ်ပါက ပြီးခဲ့သောနှစ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နှေးသွားသကဲ့သို့ ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်သာကိုင်သာရှိမှုအဆင့် သတ်မှတ်ချက် (Ease of Doing Business) အရ မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသနိုင်ငံများ၌ ဒုတိယအနိမ့်ဆုံး ဖြစ်လျက်ရှိပါသည်။ ဤအခက်အခဲများကို ကျော်လွှားရန် နိုင်ငံတော်အစိုးရသည် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

 

ပြဋ္ဌာန်းပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကုမ္ပဏီဥပဒေတို့သည် ရင်းနှီးမြှုပ်နှံလိုသူ တို့အတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ အခွင့်အလမ်းအသစ်များနှင့်အတူ ကာကွယ်မှုများကိုလည်း ပေးအပ်ထားပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် ကုမ္ပဏီဥပဒေသည် နိုင်ငံခြားကုမ္ပဏီတို့အား ပြည်တွင်းကုမ္ပဏီများ၌ ရှယ်ယာပိုင်ဆိုင်ခွင့် ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ နိုင်ငံတော်အတွင်းသို့ ပိုမိုဝင်ရောက်လာတော့မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် လက်ရှိကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများကို သုံးသပ်၍ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများအား ဖြစ်ပေါ်စေသည့် အဆင့်များကို အမြန်ဆုံးရှာဖွေဖော်ထုတ် ပြုပြင်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှု ဆတက်ထမ်းပိုး တိုးတက်ရရှိစေရန် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာ၌လည်း ပိုမိုလွယ်ကူ လျင်မြန်မှုရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကြား ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းလာစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေး၊ အထည်ချုပ် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကဲ့သို့သောနိုင်ငံတော်၏ ဦးစားပေး စီးပွားရေးလုပ်ငန်းတို့၌ မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုတို့ ဝင်ရောက်လာလျက် ကာလတိုအတွင်း သိသာ ထင်ရှားသည့် ရလဒ်များရရှိရန် နိုင်ငံတော်အစိုးရက အာရုံစိုက်ဆောင်ရွက်လျက်ရှိသောကြောင့် များမကြာမီ ရလဒ်ကောင်းများ မြင်တွေ့ရတော့မည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

(မြန်မာ့အလင်း)