ရန်ကုန် မေ ၁၁ 
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေကြုံတွေ့ရသည်ဖြစ်စေ နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံ သံရုံးတို့ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်။ ထိုသို့ခေါ်ဆောင်ရာတွင် မသိန်းရွှေသည် ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့မှ မေ ၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး မေ ၁၀ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တို့မှတစ်ဆင့် ဆက်လက်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့တွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရမှုနှင့် စပ်လျဉ်း၍ မသိန်းရွှေက “ သမီးကရွှေပြည်သာမြို့နယ်ကပါ။ Dammam မြို့မှာအလုပ် လုပ်တာ တစ်နှစ်ကျော်ပါပြီ။ သက်ကြီးရွယ်အိုတစ်ဦးကို စောင့်ရှောက်ရတဲ့အပြင် အိမ်အလုပ်လည်း လုပ်ရတယ်။ မိသားစုလည်းများကြတယ်။ ဆက်ပြီးအလုပ်လုပ်လိုစိတ် မရှိတာကြောင့် နောက်ပိုင်းမြန်မာပြည်ကို ပြန်ခွင့်တောင်းတော့ ပြန်ခွင့်မပြုတာနဲ့ ရီရတ်ဒ် မြို့မှာရှိတဲ့ မြန်မာသံရုံးကို အကူအညီတောင်းခံခဲ့တာပါ။ သံအမတ်ကြီးအကူအညီနဲ့ မြန်မာနိုင်ငံကိုပြန် ရောက်လာခဲ့တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ သံရုံးဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေးကြိုဆိုပြီး မြန်မာပြည်ကိုပြန်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ ကျေးဇူးဆပ်ခွင့်ရရင်လည်း ကျေးဇူးဆပ်ချင်ပါတယ်။ ပြည်ပမှာနေတဲ့သူတွေဟာ အမိမြေကိုမလွမ်းတဲ့သူ မရှိပါဘူး။ အမိမြေကို ပြန်လည်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးကြတဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ သံမှူးကြီးကို အထူးပဲကျေးဇူးတင်ပါတယ် ”ဟု ရင်တွင်းပီတိစကား ပြောကြားသည်။
အလားတူ ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့တွင် အလုပ်လုပ်ကိုင်သည် မဥမ္မာမြင့်သည် အလုပ်ရှင်နေအိမ်တွင် တစ်လတာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဆက်လက်မလုပ်ကိုင်လိုတော့သဖြင့် ဒူဘိုင်းမြို့သို့သွားလိုကြောင်းခွင့်တောင်းခဲ့ရာ အိမ်ရှင်မှ ဒူဘိုင်းမြို့သို့ထွက်ခွာမည့် မော်တော်ယာဉ်ဂိတ်သို့ပို့ ဆောင်ပေးခဲ့ရာမှ ဆော်ဒီအာရေဗျနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ထွက်ခွာလာစဉ် နယ်စပ်ဂိတ်အရောက်၌ တာဝန်ရှိသူများက ရီရတ်ဒ်မြို့သို့ထွက်ခွာမည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး မြန်မာသံရုံးသို့ ဧပြီ ၁၅ ရက်တွင် ရောက်ရှိခဲ့ရာ သံရုံးမှ သံမှူးကြီးနှင့်ဝန်ထမ်းများက နွေးထွေးစွာ ကူညီစောင့်ရှောက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မဥမ္မာမြင့်သည် မေ ၁၀ ရက်တွင် ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ် တွင်လေကြောင်းလိုင်းဖြင့် ထွက်ခွာလာခဲ့ပြီး ဒူဘိုင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်တို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိခဲ့သည်။ Dammam မြို့ အလုပ်ရှင်နေအိမ်တွင် အခက်အခဲများကြုံတွေ့ခဲ့ရမှုနှင့် မြန်မာသံရုံးက ကူညီစောင့်ရှောက်ပေးခဲ့မှုနှင့် စပ်လျဉ်း၍ မဥမ္မာမြင့်က“ ကျွန်မကတောင်ငူမှာနေပါတယ်။ အသက် ၃၁ နှစ်ရှိပါပြီ။ ဒူဘိုင်းကို မြန်မာအေးဂျင့်နဲ့ ချိတ်ဆက်ပြီး ရောက်သွားပါတယ်။ အဲဒီမှာအလုပ်လုပ်ရင်းနဲ့ ဆော်ဒီအာရေဗျ နိုင်ငံမှာအလုပ်ရတော့ ဆက်လုပ်တယ်။လုံးဝအဆင်မပြေတော့တာနဲ့ မြန်မာသံရုံးကို ရောက်သွားတော့ မိသားစုလိုပဲနွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုတာတွေ့ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။ ပြီးတော့ ပြသနာအားလုံးကို ဖြေရှင်းပေးတယ်။ နေစရာစားစရာကအစ စီစဉ်ပေးတယ်။ ပြန်တဲ့အထိ အကူအညီပေး ကြပါတယ်။ ပြည်ပနိုင်ငံမှာ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ကူညီမှုရရှိတာလောက် ဝမ်းသာပီတိဖြစ်ရတာဘာမှမရှိပါဘူး။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲတွေ၊ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းများအားလုံး သက်ရှည်ကျန်းမာပါစေ။ အခုထက်ပိုပြီး မြန်မာပြည်သူပြည်သားများကို ကူညီကယ်တင်စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းလိုပါတယ် ” ဟုပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကူညီဆောင်ရွက်ပေးခဲ့ရာ အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုလို အမိနိုင်ငံသူ နှစ်ဦးအတိဒုက္ခကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင် လျက်ရှိကြောင်း သိရသည်။ 
ဓာတ်ပုံ- သီဟ - ညိမ်းသူ (သတင်းစဉ်)