နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာပြောင်းလဲ တိုးတက်ရေး အတွက် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နို့စားနွား မွေးမြူရေးနှင့်ကျွဲမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ပြည်ပပို့ကုန်အဖြစ် ကျွဲ၊ နွားအရှင်များ တင်ပို့ရောင်းချခြင်းကို အေးခဲသားနှင့် စည်သွတ်ကဲ့သို့ ကုန်ချောများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် မွေးမြူသူ ထုတ်လုပ်တင်ပို့သူများ အားလုံးအတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေရန်နှင့် နိုင်ငံခြားငွေ ပိုမိုရှာဖွေပေးနိုင်ရန် နည်းပညာအပါအဝင် လိုအပ်ချက်များ ဖော်ထုတ် အသုံးပြုနိုင်ရေးအတွက် ပညာရှင်များအပိုင်းက ကြိုးပမ်းပေးကြရန်၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာ ပြောင်းလဲတိုးတက်ရေးအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ၊ မျိုးဆက်သစ် ပညာရှင်လူငယ်များ စနစ်တကျ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း က တက္ကသိုလ်၏ သင်ကြားမှု သင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာပေ၊ အားကစားနှင့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ သုတေသနဆိုင်ရာ ဓါတ်ခွဲခန်းများနှင့် မွေးမြူရေးသုတေသန ဦးစီးဌာန၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
