နိုင်ငံတော်အလံနှင့်ဥပဒေ

မောင်စာဂ

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “နိုင်ငံတော်သီချင်းနှင့် ဥပဒေ”ဆောင်းပါးကိုရေးသား၍ ဂုဏ်ပြုခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အလံနှင့်လည်း ဂုဏ်ပြုဖို့လိုအပ်သည်။ သို့ဖြစ်၍ “နိုင်ငံတော်အလံနှင့်ဥပဒေ” ဆောင်းပါးဖြင့် ထပ်မံဂုဏ်ပြုလိုက်ပါရစေ။


အလံဟူသည်


အလံဟူသည်မှာ အဘယ်နည်း၊ နိုင်ငံတော်အလံဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း လေ့လာမိသည်။မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းမှ ပြုစုသည့်မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၄ တွင် အလံနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဖော်ပြထားသည်-


- အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု သို့မဟုတ် အကြောင်းအရင်းတစ်ခုခု သို့မဟုတ် အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား သို့မဟုတ် အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ် ပိတ်စမျိုးဖြစ်သည်။ အလံဟူသောစကားမှာလေထဲ၌ လှုပ်ရှားနေသောအရာဟူ၍ အဓိပ္ပာယ်ရ၏။ အမျိုးသားအလံ (ဝါ) နိုင်ငံတော်အလံမှာနိုင်ငံ တစ်နိုင်ငံအတွက် အမှတ်အသားကြီးတစ်ခုဖြစ်၏။ ဘုရင့်အတွက်အမှတ်အသား၊ တက္ကသိုလ်ကျောင်း၏အမှတ်အသား၊ စစ်တပ်၏အမှတ်အသား၊ အယူဝါဒဆိုင်ရာအဖွဲ့အစည်းများအတွက်အမှတ်အသား၊ အသင်းအဖွဲ့တို့အတွက် အမှတ်အသား၊ အချက်ပြရန် အမှတ်အသား စသည်ဖြင့်အကြောင်းခံအမျိုးမျိုးကိုပြရန် ပြုလုပ်ထားသော အခြားအလံပေါင်းများစွာလည်းရှိသည်။


- ယခုခေတ်နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ (ဝါ)နိုင်ငံတော်အလံအသီးသီးသည် မိမိတို့လူမျိုး၏ဇာတိသွေး၊ ဇာတိမာန် ပြင်းထန်တက်ကြွစေရန်အလို့ငှာ မိမိတို့တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ်ပြဋ္ဌာန်းထားသည့် အလံများဖြစ်၏။နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊ နိုင်ငံသူနိုင်ငံသား၊ နိုင်ငံအစိုးရနှင့်ထိုအစိုးရ၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ လူအများပင်မိမိတို့နှင့်သက်ဆိုင်ရာ နိုင်ငံတော်အလံအသရေမညှိုးရလေအောင် ကာကွယ်စောင့်ရှောက်ရင်းအသက်စွန့်ခဲ့ကြပြီးဖြစ်သည်။ မိမိနိုင်ငံ၏ အလံကိုဂုဏ်ပြုရန်မှာ နိုင်ငံသားတိုင်း၏ အရေးကြီးသောတာဝန်တစ်ရပ်ဖြစ်ပေသည်။


ခေတ်အဆက်ဆက် အသုံးပြုသောအလံများ


မြန်မာတို့ ခေတ်အဆက်ဆက် ခေတ်ကာလအလျောက် အသုံးပြုလာကြသော အလံများမှာ ရှေးခေတ်မြန်မာအမျိုးသားအလံ၊ တို့ဗမာအစည်းအရုံးသုံးရောင်ခြယ်အလံ (ဒေါင်းရုပ်ပါ)၊ တို့ဗမာအစည်း အရုံးသုံးရောင်ခြယ်အလံ (တူတံစဉ်ပါ)၊ ယူနီယံဂျက်နှင့် ဒေါင်းရုပ်ပါအလံ၊ ဂျပန်ခေတ် ဘီအိုင်အေအလံ၊ဂျပန်ခေတ် မြန်မာနိုင်ငံအလံ (ဘီဒီအေအလံ)၊ ဂျပန်ခေတ် တော်လှန်ရေးအလံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ (ပါလီမန်ခေတ်)၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်) နှင့် ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတို့ဖြစ်သည်။


၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် နိုင်ငံတော်အလံ


လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံကို ဇူလိုင်လ၂၉ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့တွင်နိုင်ငံတော်အလံ၊ သီချင်းနှင့်တံဆိပ်ကော်မတီက အလံနှင့်တံဆိပ်ဆိုင်ရာ ကြားဖြတ်အစီရင်ခံစာကို တင်ပြ၍ ထိုနေ့၌ပင် နိုင်ငံတော်အလံနှင့် တံဆိပ်တို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။ နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ တိုင်းပြည်ပြုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ ၂၁၅တွင် အောက်ပါအတိုင်း ထည့်သွင်းပြဋ္ဌာန်းခဲ့သည် -
- နိုင်ငံတော်အလံ၏ပုံစံမှာ ထောင့်မှန်စတုဂံပုံဖြစ်သည်။ အလံမှာအနီရောင်ခံဖြစ်၍ လက်ဝဲဘက် အထက်ထောင့်၌ အပြာရင့်အခန်းဖွင့်ပြီးလျှင်ထိုအပြာရင့်အခန်းအလယ်တွင် ရောင်ခြည်လက်ငါးခုရှိသော ကြယ်ဖြူကြီးတစ်ပွင့်ထားရှိသည်။ ထိုကြယ်ဖြူကြီး၏ ရောင်ခြည်လက်များကြားတွင် ရောင်ခြည်လက်ငါးခုစီရှိသော ကြယ်ဖြူငယ်ငါးပွင့်ကို တစ်ပွင့်စီ သွင်းရံထားရမည်။ကြယ်ဖြူကြီးနှင့်တကွ သွင်းရံထားသော ကြယ်ငယ်များ၏ရောင်ခြည် လက်များအနက် တစ်ခုစီသည်အလံ၏အထက်ဘက်သို့ မတ်မတ်ညွှန်လျက်တည်စေရမည်။ အလံတစ်ခုလုံး၏ အတိုင်းအတာမှာ အလျား ၉ ပေ၊ အနံ ၅ပေ၊ အပြာရင့်အခန်းများ အလျား ၄ပေ၊ အနံ ၂ပေ ၆လက်မ၊ ကြယ်ကြီးအတွက်ထောင့်စွန်းများကိုသတ်၍ ဆွဲထားသောစက်ဝိုင်း၏ အချင်းမှာ ၁၈ လက်မ၊ ကြယ်ငယ်အတွက် ၉ လက်မဖြစ်သည်။ အလံတော် အရွယ်မှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှကိုက်ညီရမည်။


ပါလီမန်လွှတ်တော်သည် ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံတော်အလံ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံတော်သမ္မတသည် ၁၉၅၃ ခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်အလံ နည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ ဥပဒေတွင် နိုင်ငံတော်အလံအသုံးပြုရာတွင် တားမြစ်ချက်များပါရှိပြီး ဖောက်ဖျက်လျှင် ပြစ်ဒဏ်များသတ်မှတ်ထားသည်။ နည်းဥပဒေများတွင် နိုင်ငံတော်အလံလွှင့်ထူ နိုင်သည့်နေ့ရက်များ၊ နိုင်ငံတော်အလံကိုလွှင့်ထူနိုင်သည့် အထူးအခွင့်အရေးရသူများ၊ အဆောက်အအုံများ၊ မော်တော်ယာဉ်များ၊ ရေယာဉ်များနှင့် လေယာဉ်ပျံများတွင် လွှင့်ထူရာ၌ မည်သို့မည်ပုံ လွှင့်ထူအသုံးပြုခွင့်ရှိပုံနှင့် နိုင်ငံအတွင်း နိုင်ငံတော်အစိုးရ၏ သီးခြားခွင့်ပြုချက်မရှိဘဲ တိုင်းတစ်ပါးနိုင်ငံများ၏ အလံများကို လွှင့်ထူခွင့်မပြုကြောင်း စသည့်အချက်များ ပြဋ္ဌာန်းထားသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းတာဝန်ယူခဲ့ပြီးသည့်နောက်ပိုင်းတွင် ၁၉၄၈ ခုနှစ် နိုင်ငံတော်အလံအက်ဥပဒေနှင့် ၁၉၅၃ ခုနှစ် နိုင်ငံတော်အလံနည်းဥပဒေများကိုပင် ဆက်လက်ကျင့်သုံးခဲ့သည်။


၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်အလံ


၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၉၀ တွင် အောက်ပါအတိုင်း ရှင်းလင်းဖော်ပြခဲ့သည် -


- နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပြီးလျှင် လက်ဝဲဘက် အထက်ထောင့်၌ အပြာရောင်လေးထောင့်ကွက်အောက်ခံ၍ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးဖြင့် ဝန်းရံထားသော အလုပ်သမား၊ တောင်သူလယ်သမား အမှတ်အသားဖြစ်သည့် စက်သွားနှင့် စပါးနှံကို ထားရှိသည်။စပါးနှံနှင့်စက်သွားသည် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး၏ အခြေခံလူတန်းစားများဖြစ်သောတောင်သူလယ်သမားနှင့် အလုပ်သမားများကိုလည်းကောင်း၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးသည်ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့၏ တန်းတူညီတူရှိမှုနှင့် စည်းလုံးညီညွတ်မှုကိုလည်းကောင်း ဖော်ဆောင်ထားသည်။ အလံတော်ရှိ အဖြူရောင်နှင့် အနီရောင်နှစ်မျိုးတွင် အဖြူရောင်သည် သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကိုဖော်ဆောင်သည်။


ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်အလံဥပဒေကို၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ ထည့်သွင်းပြဋ္ဌာန်းထားသည်။ တစ်ဆက်တည်းပင် နိုင်ငံတော် အလံနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များ၊ နိုင်ငံတော်အလံကိုသုံးစွဲခြင်း၊ အလေးပြုခြင်းတို့အတွက် နိုင်ငံတော်အလံနည်းဥပဒေများကိုလည်း ၁၉၇၄ ခုနှစ် မှာပင် ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူထိန်းသိမ်းခဲ့သည့် နောက်ပိုင်းကာလနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကာလတွင် ၁၉၇၄ ခုနှစ် နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေများကိုပင်ဆက်လက် ကျင့်သုံးခဲ့သည်။


၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်အလံ


၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၇ ပုဒ်မ ခွဲ (က) တွင် နိုင်ငံတော်အလံသည် အောက်တွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟူ၍ နိုင်ငံတော်အလံ၏ပုံကို ဖော် ပြထားသည်။ ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်ဟူ၍ ဖော်ပြထားသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀-၁၀-၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အလံဥပဒေကိုပြဋ္ဌာန်းပေးခဲ့ပြီး ယင်းနေ့မှာပင် နိုင်ငံတော် အလံနည်းဥပဒေများကို ထုတ်ပြန်ပေးခဲ့သည်။ယင်းနေ့မှစ၍ ၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံတော်အလံကို စတင်အသုံးပြုခဲ့သည်။


နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်အလံ၏ စံပြအရွယ်အစား၊ အတိုင်းအတာနှင့် အရောင် အသွေးတို့ကိုလည်းကောင်း၊ ပုဒ်မ ၄ တွင် နိုင်ငံတော်အလံ၌ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ကို အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံး ရောင်ခြယ်အလံကို အလေးအမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၅ တွင် အဝါရောင်သည် စည်းရုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံးချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း၊ အစိမ်းရောင်သည်မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း၊ ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ဖြောင့်မတ် မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှငစွမ်းအင်ပြည့်စုံခြင်းဟူသော အဓိပ္ပာယ်များကို ဖော်ညွှန်းပြဋ္ဌာန်းထားသည်။


ထို့ပြင် ဥပဒေပုဒ်မ ၇ မှ ၁၂ အထိတွင် နိုင်ငံတော်အလံကို လွှင့်ထူရမည့်နေ့ရက်များ၊ လွှင့်ထူရမည့်နေရာ အခမ်းအနား၊ အဆောက်အအုံ၊ ယာဉ်စသည်များကိုလည်းကောင်း၊ နိုင်ငံတော်အလံကိုအစဉ်အမြဲ မတ်မတ် ထား၍ ဝင့်ကြွားစွာကိုင်ဆောင်ရမည်ကိုလည်းကောင်း၊နိုင်ငံတော်အလံကို အသုံးပြုရာတွင် ယင်း၏ ဂုဏ်ကျက်သရေကို ညှိုးမှိန်စေမည့် အရောင်အဆင်း မှေးမှိန်ပျက်လွင့်ခြင်း၊ ချုပ်ရိုးချုပ်သားပြုတ်ခြင်းနှင့် ပိတ်သားများစုတ်ပြဲခြင်းစသော ချို့ယွင်းချက်များမရှိသည့်အလံမျိုးကိုသာ အသုံးပြုရမည်ကိုလည်းကောင်းပြဋ္ဌာန်းထားသည်။ ဥပဒေပုဒ်မ ၁၃ မှ ၁၆ အထိတွင်နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ ရှောင်ကြဉ်ရမည့်တားမြစ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။


လွတ်လပ်ရေးနှင့် နိုင်ငံတော်အလံ


လွတ်လပ်ရေးနှင့် နိုင်ငံတော်အလံသည် ခွဲခြားမရဒွန်တွဲနေသည်။ နိုင်ငံတော်အလံသည် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်သော လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည်။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည်။ တိုင်းရင်းသားများအားလုံးကို လွတ်လပ်သောပြည်သူပြည်သားများအဖြစ်ဂုဏ်ပြုသည်။ တိုင်းရင်းသားပြည်သူအားလုံးသည်လွတ်လပ်ရေးနှင့် လွတ်လပ်ရေးနေ့ကို အမြတ်တနိုးထားလေးစားကြရသကဲ့သို့ နိုင်ငံတော်အလံကိုလည်း အမြတ်တနိုးတန်ဖိုးထားကာ လေးစားကြရပါမည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသော၊ ပြည်ထောင်စုသားအားလုံးနှင့် နိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံသော နိုင်ငံတော်အလံတစ်ခုတည်းအောက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ချစ်ခင်ခင် ဥမကွဲသိုက်မပျက် စုပေါင်းနေထိုင်လာခဲ့ကြသောတိုင်းရင်းသား ပြည်သူအပေါင်းတို့သည် လွတ်လပ်သော မိမိတို့၏ နိုင်ငံတော်ကြီးအား ထာဝရငြိမ်းချမ်းရေးရရှိပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးအဖြစ် စုပေါင်း အင်အားဖြင့် တည်ဆောက်သွားကြရေး အဓိဋ္ဌာန်ပြုကြရင်း သည်ကနေ့ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံအား အလေးပြုကြပါစို့ဟူ၍လေးစားသော စိတ်ထားဖြင့် တိုက်တွန်းလိုက်ပါရစေ။


နိုင်ငံတော်၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့နေပါစေ၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းနေပါစေ၊ နိုင်ငံတော်အလံအစဉ်အမြဲ အလေးထား ဝင့်ကြွားနေပါစေ။

 

ကြေးမုံ