နိုင်ငံတော်အနာဂတ်အတွက် စိတ်ဓာတ်ခွန်အားပေးပြုစုပျိုးထောင်

ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူ့ဘောင်လောကကြီးကို ဦးဆောင်ပဲ့ကိုင်မောင်းနှင်ကြမည့် လူကြီးများဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် လူငယ်တို့ကို ပေါ့ပေါ့သဘောထားရန်မသင့်လျော်ပါ။ လျစ်လျူရှုထား၍ မဖြစ်နိုင်ပါ။ လူငယ်များအား လူတော်လူကောင်းလေးများဖြစ်လာအောင်၊ ယဉ်ကျေး လိမ္မာအောင်၊ ခေတ်ပညာနှင့်ပြည့်စုံအောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ အများအကျိုးကို ဆောင်ရွက်တတ်အောင်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် ကြိုးပမ်းထမ်းဆောင်ကြအောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ၊ လေ့ကျင့်လမ်းပြပေးထားမှ နိုင်ငံအနာဂတ်အတွက် စိတ်အေးရမည်ဖြစ်သည်။

လူငယ်တို့အား လျစ်လျူရှုထားလျှင် သို့မဟုတ် လုံလောက်အောင် ပြုပြင်ပျိုးထောင်ခြင်းကို မဆောင်ရွက်နိုင်လျှင် လူငယ်တို့အနေဖြင့် လမ်းမှားသို့ရောက်ရှိသွားနိုင်ပြီး ဒုစရိုက်မှုများ၊ အကျင့်ပျက်မှုများ၊ တာဝန်မဲ့မှုများဖြစ်ပေါ်လာကာ ပြည်သူများကြားတွင် ပြဿနာအမျိုးမျိုးဖြစ်ပေါ်လာနိုင်သလို နောင်အနာဂတ်တွင်လည်း ပိုမိုဆိုးရွားသောအခြေအနေများ နိုင်ငံအတွင်း၌ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိသည်။ ထိုသို့သော အခြေအနေများကြောင့် နိုင်ငံအသီးသီးသည် အမြော်အမြင်ရှိသမျှ၊ စီးပွားရေးအင်အားတောင့်တင်းသမျှ လူငယ်များပြုပြင် ပျိုးထောင်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ 

ကလေးသူငယ်လူငယ်များ ပညာသင်ကြားချိန်တွင် ဆရာများ၏ သွန်သင်မှုနှင့် ကျောင်းသင်စာပေဩဇာအောက်သို့ ရောက်ရှိသွားကြပါသည်။ ပညာရေးစနစ်နှင့် ဆရာတို့ အရည်အသွေးကောင်းလျှင်ကောင်းသလောက် နိုင်ငံအတွက် ပညာတတ် လူကောင်းလူတော်များ တိုးပွားလာနိုင်ပါသည်။ သို့သော် မျက်မှောက်ကာလ အခြေအနေအရ မိဘနှင့်ဆရာသမားတို့၏ သွန်သင်လမ်းပြမှုဖြင့်သာ ကလေးလူငယ် အားလုံး၏ဘဝကို အဆုံးအဖြတ်ပြုသည့်အယူအဆမှာ မမှန်နိုင်တော့ပါ။ ယနေ့ လူငယ်များသည် ၎င်းတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ၎င်းတို့ အနာဂတ်အား  ကိုယ်တိုင်ဖန်တီးနေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ နည်းပညာတိုးတက်လာမှုနှင့်အတူ အလွန်ကျယ်ပြန့်လာသည့် လူမှုဆက်ဆံရေးနယ်ပယ်၏ အရောင်ဟပ်မှု၊ ဩဇာသက်ရောက်မှုတို့သည် လူငယ်များအပေါ် လွှမ်းမိုးနေပြီဖြစ်သည်။

ထိုသို့သောအခြေအနေတွင် ကလေးသူငယ် လူငယ်လူရွယ်များအပေါ်၌ ဩဇာသက်ရောက်နိုင်စွမ်းရှိသည့်အရာမှာ စာပေဖြစ်သည်ကို မမေ့မိဖို့လိုပါသည်။ မျက်မှောက်ကာလတွင် နည်းပညာဆန်းသစ်လာမှုများနှင့်အတူ လူငယ်လူရွယ်များသည် အွန်လိုင်းပေါ်၌ အသိပညာဗဟုသုတများ လေ့လာဆည်းပူးနေကြသည် ကိုတွေ့ရသည်။ တိုးတက်ခေတ်မီပြောင်းလဲလာသော ကာလအခြေအနေအရ လည်းကောင်း၊ စာအုပ်စာပေတို့နှင့် အလှမ်းဝေးလာသည့်အခြေအနေဖြစ်၍ လည်းကောင်း လက်လှမ်းမီသည့်နည်းပညာကို အားထားသည့်သဘောဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်တို့သည် နိုင်ငံတစ်ဝန်းတွင်လည်းကောင်း၊ နယ်ပယ်ကဏ္ဍစုံတွင်လည်းကောင်း အများစုရှိနေပါသည်။ လူငယ်များ၏ သိလိုမှုကို နည်းပညာနယ်ပယ်မှသာမက အခမဲ့ဖတ်ရှုနိုင်သော စာအုပ်စာပေနယ်ပယ်မှ ဖြည့်ဆည်းပေးနိုင်သည်ကို သတိပြုမိဖို့လိုပါသည်။ နိုင်ငံတကာတွင် ကျောင်းစာကြည့်တိုက်များသည် လူငယ်လူရွယ်များအတွက် အသုံးဝင်နေဆဲဖြစ်သည်ကိုတွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာဖတ်ရှု နိုင်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့်သားကောင်း၊ သမီးကောင်းများပေါ်ထွက်လာစေရန်အတွက် ခရိုင်နှင့်မြို့နယ်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ဖွင့်လှစ်၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာကြည့်တိုက်ဥပဒေများရေးဆွဲပြီး ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့်အတူ ရွေ့လျားစာကြည့် တိုက် မော်တော်ယာဉ်များဖြင့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက် ကျေးရွာများတွင် စာအုပ်များအခမဲ့ ငှားရမ်းပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဒေသများ၌ စာကြည့်တိုက်လုပ်ငန်းများ ရှင်သန်နေသည်ကို ထောက်ရှုခြင်းအားဖြင့် မိဘပြည်သူများသာမက လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရှာဖွေနေကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင် နေရသည်။ ထို့ကြောင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားပြီး စိတ်ဓာတ်ခွန်အားများ တိုးပွားလာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏အနာဂတ် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ