နေပြည်တော် ၂၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ထွန်းကားရေးကို အစဉ်တစိုက်ဦးတည်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ မူလအခွင့်အရေးခံစားပိုင်ခွင့်များရှိသလို လိုက်နာရမည့် တာဝန်များလည်းရှိသည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စောင့်ထိန်းရန်တာဝန်ရှိသည်။

 

 

နိုင်ငံသားများ၏ မူလအခွင့်အရေးခံစားခွင့်များအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသောဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်တို့ကို လွတ်လပ်စွာသုံးစွဲခွင့်ရှိသည်။ ထိုအခွင့်အရေးများကို ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ တစ်ဦးချင်း အလိုက်သော်လည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်၍ သော်လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။

 

 

သို့သော် မျက်မှောက်အနေအထားတွင် အချို့နယ်ပယ်များ၌ ပြဋ္ဌာန်းထားသောဥပဒေဘောင်ကို ကျော်လွန်ဖောက်ဖျက်ကာ ဆောင်ရွက် လာကြသည်ကို တွေ့ရသည်။ အချို့ လူတစ်ဦးချင်းအလိုက်ဖြစ်စေ၊ လူအစုအဖွဲ့လိုက်ဖြစ်စေ နိုင်ငံသားများ၏ စောင့်ထိန်းရမည့် တာဝန်များကို မျက်ကွယ်ပြုကာ လူပုဂ္ဂိုလ်၊ နိုင်ငံ့အဖွဲ့အစည်းတို့ကိုသာမက နိုင်ငံကို ပါထိပါးစေနိုင်သော ပြောဆိုပြုမူမှုများကိုပါ ပြုလုပ်လာသည်ကို တွေ့ရသည်။

 

 

မိမိတို့၏ဆန္ဒများကို ဖော်ထုတ်ကြသော ပြည်သူများအနေဖြင့်ပြဋ္ဌာန်းထားသော ဥပဒေဘောင်ကို သတိမူရမည်ဖြစ်သည်။ သတိမမူမိပါက ဥပဒေနှင့်ငြိစွန်းပြီး အရေးယူခံရသည့် စိတ်မချမ်းမြေ့ဖွယ်အဖြစ်များနှင့် ကြုံတွေ့နိုင်ပါသည်။ အထူးသဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သည့်ကိစ္စများတွင် အထူးသတိထားရန် လိုအပ်ပါသည်။ နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကိစ္စရပ်ဆိုသည်မှာ နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ပင်ဖြစ်သည်။

 

 

ထိုအရေးသုံးပါးသည် နိုင်ငံ၏အသက်ဝိညာဉ်ဖြစ်သည်။ ထိုအရေးသုံးပါးကို နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းခြင်းသည် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရိုသေခြင်း မည်ပါသည်။ ထိုအရေးသုံးပါးကို ဖောက်ဖျက်ကျူးလွန်လျှင် နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ရာရောက်ပါသည်။အထူးသတိထားရမည်မှာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက် ပုန်ကန်မှုမပြုမိရန် လိုသည်။ ပုန်ကန်သည်ဆိုရာ၌ ပြည်တွင်းပြည်ပမှ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းသာမဟုတ် ပြည်ထောင်စု နိုင်ငံတော်ကိုဖြစ်စေ၊ပြည်ထောင်စုအဖွဲ့ကိုဖြစ်စေ ဖြိုဖျက်ရန်၊ ပြိုကွဲရန် ကြံစည်ခြင်း၊ အားထုတ်ခြင်း၊ ကူညီခြင်း၊ လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း အားလုံး အကျုံးဝင်ပါသည်။ထိုအခါ အမြင့်ဆုံးကြီးလေးသော ပြစ်ဒဏ်ခံရနိုင်သည်ကို သတိထားရမည်ဖြစ်သည်။

 

 

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ကို တည့်မတ်မှန်ကန် တရားမျှတစွာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသားမဏ္ဍိုင်အနေဖြင့် နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည့် အရေးကိစ္စတို့ကို အထူးအလေးထားရန် လိုအပ်ပါသည်။ထို့အပြင် နိုင်ငံသားများနှင့်သက်ဆိုင်သည့် ဥပဒေများကိုလည်း သိရှိလေ့လာမှတ်သားထားရန် လိုအပ်ပါသည်။ နိုင်ငံသားတို့၏လိုက်နာရမည့်တာဝန်၊ လိုက်နာရမည့်ဥပဒေတို့ကို နားလည်သိရှိထားခြင်းမရှိလျှင် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်လွယ်ပြီး ဥပဒေပြင်ပသို့ ရောက်ရှိသွားနိုင်ပါသည်။

 

 

မျက်မှောက်ကာလတွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိပါသည်။ ပြည်သူ့ဆန္ဒများ၊ ပြည်သူ့လိုအင်များ ဖော်ဆောင်ရာတွင်နိုင်ငံတော်၏ အရေးသုံးပါးကို အလေးထားကာ ဥပဒေနှင့်အညီဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။ နိုင်ငံတော်အပေါ်၊ ပြည်ထောင်စုအ ပေါ်သစ္စာစောင့်သိဖို့လိုအပ်ပါသည်။ သို့မှသာ ပြည်ထောင်စုနိုင်ငံတော်ကြီးအတွင်း တစုတဝေးတည်း အေးချမ်းသာယာစွာဖြင့် ရပ်တည်နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။

 

 

ကြေးမုံ အယ်ဒီတာအာဘော်