နေပြည်တော် ၂၂ ဧပြီ       


နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်လုပ်ငန်းရှင်များအကြား Video Conferencing ဖြင့် ကျင်းပသည်။  

 

1246898

 


အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာပါက အရန်ရိက္ခာ ဝယ်ယူရေးကိစ္စကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်လုပ်ငန်းရှင်အသင်း အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော်အရန်ရိက္ခာအဖြစ် ဆန်တန်ချိန်  (၅၀၀၀၀) နှင့် စားအုန်းဆီ တန်ချိန် (၁၂၀၀၀) ဝယ်ယူရန်အတွက် ငွေကျပ် (၃၈) ဘီလီယံ ခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါကြောင်း၊ အရေးပေါ်ရိက္ခာအဖြစ် အဓိကကျသည့် ဆန်နှင့် ဆီကို ဝယ်ယူရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်ရှိသည့် ကုန်သည်လုပ်ငန်းရှင်အသင်း အဖွဲ့များအနေဖြင့်လည်း လိုအပ်သည့် အကြံပြုချက်များရရှိရန်အတွက် တိုင်ပင်ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။  

  
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အခြေခံလူတန်းစားများသို့ ကုန်စည်ဖြန့်ဖြူးရာတွင် အဆင်ပြေချောမွေ့စေရေး၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရေး၊ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်လျှောက် အဆင်ပြေချောမွေ့စေရေး၊ အရန်ရိက္ခာ ဝယ်ယူစုဆောင်းရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုပါကြောင်းနှင့် ဆောင်ရွက်သင့်သည့် အကြံပြုချက်များကိုလည်း ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အရန်ရိက္ခာဝယ်ယူမည့် ကိစ္စရပ်များ၊ ဝယ်ယူမည့်ဈေးနှုန်းနှင့် အရည်အသွေးသတ်မှတ်ချက်များ၊ ထားရှိသိုလှောင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်စပါးကုန်သည်များအသင်း၊ ကထိန်တော်အသင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း၊ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းအခက်အခဲများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်