မောင်စာဂ

 

လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုတွင် နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဟူသည် ရှိကြရသည်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုတို့ကိုအခြေခံ၍ ဆီလျော်သလို သတ်မှတ်ပြဋ္ဌာန်းပေးကြသည်။ နိုင်ငံတော် အလံ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တို့သည်ယင်းနိုင်ငံနှင့် ယင်းနိုင်ငံ၏ ပြည်သူ ပြည်သားအားလုံးကို ကိုယ်စားပြုသည်။ ယင်းနိုင်ငံနှင့် ပြည်သူပြည်သားအားလုံး၏ အထွတ်အထိပ်လည်းဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လည်းမိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုတို့ကိုအခြေခံကာ နိုင်ငံတော်အလံ၊နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်တို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးထားသည်။ နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သောနိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တို့နှင့် စပ်လျဉ်း၍ ဥပဒေကမည်သို့ပြဋ္ဌာန်းထားသနည်း၊ မည်သို့ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးထားသနည်း၊ ပြည်သူတွေသိရှိထားဖို့လိုအပ်သည်။ သို့ပါ၍ နိုင်ငံတော်သီချင်းနှင့်ဥပဒေ၊ နိုင်ငံတော်အလံနှင့် ဥပဒေတို့ကို ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်နှင့်ဥပဒေကို မျှဝေပါရစေ။

 

 

ပါလီမန်ခေတ်နိုင်ငံတော်တံဆိပ်


လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အလံ၊ သီချင်းနှင့် တံဆိပ်ကော်မတီက အလံနှင့်တံဆိပ်ဆိုင်ရာ ကြားဖြတ်အစီရင်ခံစာကိုတင်ပြ၍ ထိုနေ့၌ပင် နိုင်ငံတော်အလံနှင့် တံဆိပ်ကို စဉ်းစားဆွေးနွေးအတည်ပြုခဲ့ကြသည်။

 

၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်တိုင်းပြည်ပြုလွှတ်တော်က ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ယင်းအခြေခံဥပဒေနှင့်အညီ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတော်အဖြစ် ကမ္ဘာ့မိသားစုနိုင်ငံများအလယ် တင့်တယ်စွာပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတော်တံဆိပ်သည်လည်း မြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတို့နှင့်အတူ ပေါက်ဖွားလာခဲ့သည်။

 

ဒေါက်တာမောင်မောင်ပြုစုသည့် ဒို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစာအုပ်၊ စာမျက်နှာ ၁၄၉ တွင် နိုင်ငံတော်တံဆိပ်ပုံနှင့်တကွ အောက်ပါအတိုင်းဖော်ပြထားသည် -

 

အလယ်တွင် မြန်မာပြည်၏ မြေပုံပါရှိ၍ နံဘေးနှစ်ဖက်နှင့် အထက်တို့တွင် ကနုတ်တန်ဆာတို့နှင့်ခြယ်လှယ်ထားသော ကေသရာဇာခြင်္သေ့သုံးစီး စောင့်ရှောက်ထားဟန် ပုံသဏ္ဌာန်ဖြစ်၏။ ခြင်္သေ့သည် ရှေ့မြန်မာပညာရှိတို့၏ သဘောအယူအဆတွင် ရဲရင့်၏။ လုံ့လဝီရိယရှိ၍ ဘေးအန္တရာယ်ကြီးငယ်မဟူ တူညီသောအားထုတ်မှုဖြင့် ရင်ဆိုင်နှိမ်နင်း၏။ ညစ်ကြေးကင်းစင် သန့်ရှင်းဖြူစင်သော သဘောလည်းရှိ၏။ ထိုအရည်အချင်းတို့ကို မြန်မာတို့က အတုယူကြမည့်အထိမ်းအမှတ်ကို တံဆိပ်တော်၌ပြ၏။

 

ခြင်္သေ့သုံးစီးရံထားခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်ထားသော သဘောဖြစ်ပေသည်။ သုံးစီးအရေအတွက်ထားရှိခြင်းမှာ လောကီယတြာ ဗေဒင်ကျွမ်းကျင်ကြကုန်သော ရဟန်း၊ ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့က တြင်းကြေသည်ဟု ယူဆကြပေသည်။ ခြင်္သေ့နှင့် မြန်မာနိုင်ငံသည် စိန်ပန်းဓာတ်ရ၍ မိတ်ဖက်ဖြစ်သည်ဟူ၍လည်း ယူဆကြသည်။ ခြင်္သေ့တွင် ကနုတ်တန်ဆာတို့ကိုပါ ထည့်သွင်းခြယ်လှယ်ထားခြင်းသည်ရှေ့အစဉ်အလာ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ကို အရေးတယူ အလေးမူခြင်းသဘောပင်တည်း။

 

 

တော်လှန်ရေးကောင်စီခေတ်နိုင်ငံတော်တံဆိပ်


တော်လှန်ရေးကောင်စီသည် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့သည်။ တော်လှန်ရေးကောင်စီသည် ပါလီမန်ခေတ်က အသုံးပြုခဲ့သော နိုင်ငံတော်တံဆိပ်ကိုပင် ဆက်လက်ကျင့်သုံးခဲ့သည်။

 

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်


ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ပုဒ်မ ၁၉၁ တွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပုံကို ဖော်ပြ၍ပြဋ္ဌာန်းထားသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသောပြည်သူ့လွှတ်တော်သည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေ ( ပြည်သူ့လွှတ်တော်ဥပဒေအမှတ်-၂ ) ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေပြဋ္ဌာန်းပြီးသည်နှင့် ပါလီမန်ခေတ်က နိုင်ငံတော်တံဆိပ်ကို အသုံးပြုခြင်းမရှိတော့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ နိုင်ငံတော်တံဆိပ်အစား နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဟူ၍ ပြောင်းလဲသုံးစွဲခဲ့သည်။

 

၁၉၇၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်မရဘဲအသုံးမပြုရန်၊ အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်းမပြုရန်၊ အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက်အသုံးမပြုရန်၊ ကြော်ငြာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ်အမှတ်အသားပြုလုပ်ရန်ဖြစ်စေ အသုံးမပြုရန် တားမြစ်ထားသည်။

 

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဆိုင်ရာ နည်းဥပဒေများ (၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော် နည်းဥပဒေများအမှတ်-၂ ) ၏ နည်းဥပဒေ ၅ တွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ အလှအပအဖြစ် တန်ဆာဆင်ခြင်းမပြုလုပ်ရန်၊ ဝတ်စားဆင်ယင်ရာတွင် အသုံးမပြုရန်၊ မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရန်၊ မလေးမစားပြုခြင်းနှင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် မထီမဲ့မြင်ပြုခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

 

မည်သူမဆို အထက်ဖော်ပြပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ပါက ခြောက်လထက်မများသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ထောင်ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးခြင်းခံရမည်။

 

 

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ခေတ်ကာလ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်တာဝန်ယူ၍ အုပ်ချုပ်ခဲ့သည်။ ယင်းကာလများတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အသုံးပြုခဲ့သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကိုပင် ဆက်လက်အသုံးပြုခဲ့သည်။

 

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာခြင်း


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၉-၅-၂၀ဝ၈ ရက်နေ့တွင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၈၊ ပုဒ်မခွဲ(က) တွင် နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် ပုံသဏ္ဌာန်ကို ဖော်ပြပြီး ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်ဟူ၍ ဖော်ပြထားသည်။

 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေနှင့် နည်းဥပဒေများကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းနေ့ရက်မှ စတင်၍ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၈ (က)တွင် ဖော်ပြထားသည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၃ တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများနှင့် စပ်လျဉ်း၍ ဤသို့ ဖော်ပြထားသည်-


(က) တံဆိပ်၏အလယ်တွင် နိုင်ငံတော်မြေပုံပါရှိသည်။ အရွက် ၁၄ ရွက်စီပါဝင်သော သပြေခက်များသည် မြေပုံ၏တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။


(ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်မှခြင်္သေ့ သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှ ခြင်္သေ့သည် လက်ယာဘက်သို့လည်းကောင်း မျက်နှာမူလျက်ရှိသည်။


(ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူသောစာတန်းကို နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်အောက်ခြေ ဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စုဟူသောစာတန်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသောစာတန်းကို ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်မြေပုံအောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသော စာတန်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း ထားရှိသည်။


(ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက် ငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။


(င) ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌာန် ပန်းခက်ပြားများရှိသည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၆ တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရဘဲ အသုံးပြုခြင်း၊ အတုပြုလုပ်၍ ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ ကြော်ငြာရန် ဖြစ်စေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ် အမှတ်အသားပြုလုပ်ရန်ဖြစ်စေ အသုံးပြုခြင်းစသည်တို့ မပြုလုပ်ရန် တားမြစ်ထားသည်။ ဖောက်ဖျက်ကျူးလွန်သူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

 


အသုံးပြုခြင်းဆိုင်ရာသတ်မှတ်ချက်များ


နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသောယာဉ်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အဆောက်အအုံများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၏ ရုံးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အဆောက်အအုံများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းရုံးများ၊ နေပြည်တော်ကောင်စီရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။

 

ဝန်ကြီးဌာနအသီးသီးနှင့် ယင်းလက်အောက်ရှိ ဝန်ထမ်းအဆင့်ဆင့်နှင့် တရားရုံးအဆင့်ဆင့်တွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် တပ်ဆင်ရန်ခွင့်ပြုထားသော ဌာနအဖွဲ့အစည်း၏ ရုံးများတွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သံရုံးများ၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင်လည်းကောင်း တပ်ဆင်အသုံးပြုနိုင်သည်။

 

နိုင်ငံတော် ဧည့်ခံပွဲအခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်ကပြုလုပ်သည့် အခမ်းအနားများ၌အသုံးပြုသော အသုံးအဆောင်ပစ္စည်းများတွင်လည်းကောင်း၊ နိုင်ငံတော်ထုတ် ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုထားသော ဌာနအဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများတွင်လည်းကောင်း ရိုက်နှိပ်အသုံးပြုနိုင်သည်။

 

နိုင်ငံတော်သမ္မတကခွင့်ပြုထားသော အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်အစည်းအဝေးများနှင့် အခမ်းအနားများတွင်လည်းကောင်း အသုံးပြုနိုင်သည်။

 

လေးစားကြရပါမည်


နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဤသုံးခုသည် နိုင်ငံတစ်နိုင်ငံ၏ အထွတ်အထိပ်ဖြစ်သည်။ နိုင်ငံတော်နှင့်အစိုးရကို ကိုယ်စားပြုသည်။ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို အမြတ်တနိုးတန်ဖိုးထား လေးစားကြရသကဲ့သို့ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကိုလည်း လေးစားကြရပါမည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တပ်ဆင်ထားရာအဆောက်အအုံ၊ ရုံးခန်း၊ ခန်းမ စသည့်နေရာများသို့ ဝင်ရောက်ကြတိုင်း နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အရိုအသေပေးကာ အလေးပြု၍ ဝင်ကြထွက်ကြရပါမည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို တန်ဖိုးထားလေးစားခြင်းသည် မိမိနိုင်ငံတော်နှင့် ပြည်သူများအပေါ် တန်ဖိုးထားလေးစားရာရောက်ကြောင်း ဆိုလိုက်ပါရစေ။

 

 နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့နေပါစေ၊


 နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းနေပါစေ၊


 နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အစဉ်အမြဲအလေးထားဝင့်ကြွားနေပါစေ။

 

ttp