ရန်ကုန် ဒီဇင်ဘာ ၂၆
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အကောက်ခွန်ဦးစီးဌာန၌ အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ဌာနများ၏ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုကို တင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။ 
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာနရှိ အရာထမ်းများအား ဇေယျာသီဟခန်းမ၌ တွေ့ဆုံရာတွင် အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကို အဓိကရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်အစရှိသည့် အခွန်အရပ်ရပ်ကို အပြည့်အဝကောက်ခံနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့် အားလျော်စွာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ကြိုးပမ်းတာဝန်ထမ်း‌ဆောင်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တွေ့ဆုံပြီး ဌာနအလိုက် တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ အရာထမ်းများအား တွေ့ဆုံပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေနှင့် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးရာတွင်လည်းကောင်း၊ ချေးငွေများ ပြန်လည်ကောက်ခံရာတွင်လည်းကောင်း စနစ်တကျ ဆောင်ရွက်ရန်၊ ငွေကြေးအလွဲသုံးစား မဖြစ်စေရေး အဆင့်ဆင့် ကြီးကြပ်စစ်ဆေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်