ရမည်းသင်း ဧပြီ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပုတီးကုန်းရွာ ပုတီးကုန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုမာရ (မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ)အား တပည့်သံဃာတော်များနှင့် ဒါယကာ ဒါယိကာမ အပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုတီးကုန်းရွာကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒောဘာသထံမှ သီလခံယူကြသည်။
ယင်းနောက် သောင်းထိုက်ကြည်သာပိုဒ်စုံရတု၊ ဘွဲ့ခံဆရာတော်၏ ထေရုပ္ပတ္တိဖတ်ကြားခြင်း၊ ရှစ်ဆယ်ကျော်တေးထပ်ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ပြီး ဘွဲ့တံဆိပ်ခံဆရာတော်အား တပည့်ဒါယကာ ဒါယိကာမနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသက ဂုဏဝိသိဋ္ဌပူဇာနှင့် စပ်လျဉ်း၍ အနုမောဒနာတရား ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
လှိုင်သန်းတင့် (ရမည်းသင်း)


