နေပြည်တော်၊ မတ် ၇
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးသော ဇွဲ၊ စိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ဆက်ဆံကြပြီး ပြည်ထောင်စု စိတ်ဓါတ်ကို ဖော်ဆောင်သွားကြရန်နှင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာ၍ နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီးအသက် (၁၂) နှစ်နှင့်အထက် ဝူရှူး ထောက်လု (ချန်းချွမ်) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဝူရှူးဆန်းဆို (အတိုက်) ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို မတ် ၇ ရက် မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝူရှူးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်