နေပြည်တော်၊ မတ် ၁၁
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်များအဖြစ် အမျိုးသားအသက် (၁၂) နှစ်အထက် ဝူရှူး (ထောက်လု) နန်းချွမ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး၊ အသက် (၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) ပြိုင်ပွဲနှင့် အမျိုးသမီး အသက် (၁၂) အောက် ဝူရှူး (ထောက်လု) ကျန့်စုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့်က အတွဲတိုက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးထင်ကျော်သူက အတွဲတိုက်အမျိုးသား ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမျိုးသား အသက်(၁၂)နှစ်အထက် ဝူရှုး(ထောက်လု) နန်းချွမ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု 
ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က အမျိုးသမီး အသက် (၁၂) နှစ်အောက် ဝူရှုး(ထောက်လု) ကျန့်စုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အသက်(၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသား ၆၀ ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က အသက်(၂၅)နှစ် အောက် ဝူရှူး (ဆန်းဆို) အမျိုးသား ၇၀ ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အသက် (၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသား (၇၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အသက် (၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသမီး (၄၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အသက် (၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသား (၄၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား/ အမျိုးသမီး ဝူရှူး(ဆန်းဆို) ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသား/ အမျိုးသမီး ဝူရှူး(ထောက်လု) ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများ ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က ဝူရှူး (ဆန်းဆို) အမျိုးသမီး ပြိုင်ပွဲတွင် ရွှေ(၂) ခု၊ ကြေး (၂) ခု ဖြင့် တံခွန်စိုက်ဆုဖလား ရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ဝူရှူး (ဆန်းဆို) အမျိုးသား ပြိုင်ပွဲတွင် ရွှေ(၃) ခု၊ ကြေး (၁) ခုဖြင့် တံခွန်စိုက်ဆုဖလား ရရှိသည့် ကရင်ပြည်နယ်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က ဝူရှူး (ထောက်လု) အမျိုး သမီးပြိုင်ပွဲတွင် ရွှေ(၉) ခု၊ ငွေ(၁) ခု ၊ ကြေး(၃) ခု ဖြင့် တံခွန်စိုက် ဆုဖလားရရှိသည့် မန္တလေး တိုင်းဒေသကြီး အသင်းနှင့် ဝူရှူး (ထောက်လု) အမျိုးသားပြိုင်ပွဲတွင် ရွှေ(၇) ခု၊ ငွေ (၆) ခု၊ ကြေး (၃) ခုဖြင့် တံခွန်စိုက် ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ် ချီးမြှင့်သည်။ 
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ က ရွှေ(၁၇) ခု၊ ငွေ (၅) ခု၊ ကြေး (၁၁) ခုဖြင့် စုပေါင်းတံခွန် စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်သည်။ 
“၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ”ကို မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုး သမီးအသင်း ၁၄ သင်းဖြင့် မတ် ၇ ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်။
သတင်းစဉ်