နေပြည်တော်၊ ဇွန် ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအတွက် ဦးစီး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း။
အခမ်းအနားဖြစ်မြောက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က နာယက၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် မည့် ဦးစီးကော်မတီနှင့် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လုပ်ငန်းကော်မတီများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဦးစီးကော်မတီက လိုအပ်သော ဆပ်ကော်မတီ(၁၁)ခုကို ထပ်ဆင့်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထား ပြီးဖြစ်ကြောင်း။
လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်သွားရန်၊ ဆပ်ကော်မတီများကလည်း ပူးပေါင်းလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အသေးစိတ်အခြေအနေများကို ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို Powerpoint ဖြင့် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)