နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ကျင်းပသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံ တော်မူသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဝါတွင်း သုံးလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ သင်္ကန်းဖြင့် မပင်ပန်း စေရန် ရည်ရွယ် ဆက်ကပ်ခြင်းဖြစ်ကြောင်း၊ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ကာလဒါန လည်းဖြစ်သည့် အတွက် ဘုရားရှင်အလိုတော်ကျ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ် တွေ့ကြုံခဲ့ရသော အားနည်းချက် များကို ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အားသာချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုများဖြင့် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)