မြစ်ကြီးနား၊ ဇူလိုင် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ နောင်နန်း (၈) မိုင် AG အသင်းတော်၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ က လှူဒါန်းသည့် ကျား/မ ရှပ်အင်္ကျီများ၊ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သည့် ငွေကျပ် (၉၄၃၀၀၀၀) တန်ဖိုးရှိ ဆန်အိတ် (၅၀)၊ ငါးသေတ္တာ (၄) ဖာ၊ ခေါက်ဆွဲခြောက် (၂၄၃) ဖာ၊ ဆီ (၁၀) ပိဿာပုံး (၂၀) နှင့် ရေသန့်ဘူးများ စသည့်အခြေခံစားသောက်ကုန်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ငွေကျပ် ၂၇,၆၈၉,၀၀ဝ တန်ဖိုးရှိ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့်ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မှုများ၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရန်များနှင့် စခန်းနေသူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော မေလနှင့် ဇွန်လက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့သို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၅၃၇) စုမှ လူဦးရေ (၁၂၄၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၅၂,၁၉၃,၄၀ဝ ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြေနိမ့်ပိုင်းနေရာတစ်ခုဖြစ်သည့် ရမ်ပူရပ်ကွက် နယ်မြေ (၁၁) အတွင်း နေအိမ်များအတွင်း မြစ်ရေဝင်ရောက်ခဲ့မှု၊ နုန်းမြေများ တင်ကျန်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ပါက ပြည်သူများ အမြန်ဆုံး ဘေးလွတ်ရာသို့ ဖယ်ရှားနိုင်ရေး အသိပညာပေးခြင်းနှင့် ဆွေးနွေးဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


