ပူတာအို စက်တင်ဘာ ၁၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ် တန်းဘောလုံး ပြိုင်ပွဲသို့ တက်ရောက် အားပေးသည်။

 

အဆိုပါ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် မန်စေကျေးရွာ ဘောလုံး အသင်းနှင့် ပန်းလှိုင်ရပ်ကွက် ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပန်းလှိုင်ရပ်ကွက် ဘောလုံးအသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာ နိုင်ငံ‌တော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘောလုံးပွဲတွင် ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းခမ်းတီလူငယ်အကအဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ ဇနီးတို့က နှစ်သိမ့်ဆုရ ဘောလုံး အသင်းများနှင့် တတိယဆုရ ဘောလုံးအသင်းတို့ကိုလည်း ကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဒုတိယဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပူတာအို အခြေချစစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့မိမြို့ဖနှင့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး ကစားဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပထမဆုရအသင်းအတွက် တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)