စစ်တွေ   ဖေဖော်ဝါရီ  ၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဇော်အေးမောင်နှင့် ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က AA လက်နက်ကိုင်အဖွဲ့၏ နှောင့်ယှက် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့မှု၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်သွားမှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သော မြို့နယ်နှင့် မြို့များမှ ယာယီ တိမ်းရှောင်ခိုလှုံမှု၊ AA လက်နက်ကိုင်အဖွဲ့မှ နိုင်ငံပိုင် ယာဉ်၊ ယန္တရားများ၊ ဌာနဆိုင်ရာ ရုံးသုံးပစ္စည်း များနှင့် ပရိဘောဂများအား အဓမ္မယူဆောင်မှု၊ စက်သုံးဆီနှင့်  စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေ မြို့သို့ ပို့ဆောင်ပေးလျက်ရှိမှု၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ Grade – 5၊ Grade – 9၊ Grade – 12 နှင့် တက္ကသိုလ်ဝင် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဒေသခံတောင်သူများ မိုးစပါး အချိန်မီ ရိတ်သိမ်းနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ အခြေအနေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက် များကို တင်ပြကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရခိုင်ပြည်နယ်သည် (မိုခါ) ဆိုင်ကလုန်း မုန်တိုင်းဒဏ် သင့်ခဲ့သော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုး အောင်မြင်နေမှုကို တွေ့ရှိရကြောင်း၊ ထိုသို့ဖြစ်ထွန်းအောင်မြင်နေမှုများသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် ယခင် အခြေအနေများနှင့်မတူ ပြောင်းလဲလျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ရခိုင်ပြည်နယ်ကို များစွာ အလေးထားပါကြောင်း။

 

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးဖွံ့ဖြိုးမှုကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလားတူ ကျန်းမာရေးလည်း ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ဆေးဝါးများကို သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးရောက်ရှိအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုအစပြုနေသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ မည်ဆိုပါက ကောင်းမွန်သောအဖြေတစ်ခုကိုရရှိကာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး၏အရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက်ရောက် လာကြသူများအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ပေးကြ စေလိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ် ကာလတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်နယ်အကျိုး၊ ပြည်ထောင်စု အကျိုးကိုရှေးရှု၍ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)