နေပြည်တော်၊ နိုဝင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ ၉ ရက် မှ ၁၀ ရက်အထိ ကျင်းပသော (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံ - တရုတ်ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ - ကိုရီးယားပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ခရီးသွားလာရေးဝန်ကြီးများ၏ ကြားဖြတ်အွန်လိုင်းအစည်းအဝေးများသို့တက်ရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းက ရမ်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျင်းပသော (၂၉)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားကို လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး H.E Mr. Ngampasong MUONGMANY က အဖွင့်အမှာစကား ပြောကြား၍ အစီအစဉ်များအတိုင်း အစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံ လေကြောင်းလမ်းညွှန်ထိန်းသိမ်းမှု ပင်မစီမံချက် တတိယအကြိမ် ပြင်ဆင်တည်းဖြတ်မှု၊ လေယာဉ် အမှုထမ်းများအတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အပြန်အလှန် အသိအမှတ်ပြုခြင်း အစီအစဉ်၏ အခြေပြစာချုပ်ငယ် (၃) နှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ လေကြောင်းပို့ဆောင်ရေး ကဏ္ဍဘေးကင်း လုံခြုံရေးကို ကြီးကြပ်ဆောင်ရွက်ရသူများအတွက် လုပ်ထုံးလုပ်နည်းရေးဆွဲမှု၊ အာဆီယံလေကြောင်း ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးစီမံချက်အရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံအမြန်လမ်းကွန်ယက်နှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်လက်မှတ်ရေး ထိုးရေးကိစ္စ၊ လျှပ်စစ်သုံးယာဉ်များ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ချမှတ်သင့်သည့် မူဝါဒများရေးဆွဲမှု၊ ဆိပ်ကမ်းများတွင် နည်းပညာ တိုးမြှင့်အသုံးပြုရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် ဆိပ်ကမ်းများ၏ စဉ်ဆက်မပြတ် လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်း လမ်းညွှန်ချက်များ အတည်ပြုခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် (၂၂) ကြိမ်မြောက် အာဆီယံ - တရုတ် ပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ - တရုတ်ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မှုနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နှစ် (၅၀) ပြည့် အာဆီယံ- ဂျပန် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုအခမ်းအနား၊ နှစ် (၂၀) ပြည့် အာဆီယံ - ဂျပန်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အခမ်းအနားများနှင့် အွန်လိုင်းဖြင့် ကျင်းပသော (၂၁) ကြိမ်မြောက် အာဆီယံ - ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။ ထို့အပြင် (၁၄) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ကာလအတွင်း အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသော လမ်းပြမြေပုံပါလုပ်ငန်းစဉ်များနှင့် အာဆီယံ-ကိုရီးယား လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုရေးကိစ္စရပ်များကို ဝန်ကြီးများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မွန်းပိုင်းတွင် အွန်လိုင်းဖြင့် ကျင်းပသော အာဆီယံပို့ဆောင်ရေး ဝန်ကြီးများနှင့် ခရီးသွားလာရေး ဝန်ကြီးများ၏ ကြားဖြတ် အစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်စေရန် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ကဏ္ဍနှစ်ရပ်လုံးမှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်နှင့်ပတ်သက်သော ကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ပြီး၊ ညနေပိုင်းတွင် မြန်မာ-လာအို နှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စာချွန်လွှာမူကြမ်းကိစ္စ၊ မဲခေါင်မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် အလားအလာရှိသော နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဂျပန်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံခရီးသွားလာရေးဝန်ကြီးများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်