စစ်တွေ ဒီဇင်ဘာ ၁၅

 

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ဦးစောဘလှိုင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားကို ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ဂုဏ်တော်ဖွင့် ဆီမီးခွက်” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။

 

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က ဖတ်ကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နှင့် ပူးပေါင်းပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို လည်းကောင်း၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB –T2 Set Top Box အလုံး ၁၅၀၀ ကို  ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံရယူသည်။

 

ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအဖွဲ့များဖြစ်ကြသော မြိုတိုင်းရင်းသား၊ ခမီတိုင်းရင်းသား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသားတို့က ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ရခိုင်တိုင်းရင်းသားရိုးရာ အကအဖွဲ့က “ရိုးတောင်ရိပ်က သာချင်းသံ” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားအားရုပ်သိမ်းလိုက်သည်။

 

ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် (၄၇)နှစ်မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)