နေပြည်တော်  အောက်တိုဘာ  ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင် ၅၀ဝ)၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀ဝ၀)ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော် အသည်း အထူးကုဆေးရုံတို့သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊  စစ်သည်၊  မိသားစုများကို ကြည့်ရှု အားပေးစကား ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး  (ခုတင် ၅၀ဝ)နှင့်  တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀ဝ၀)သို့ ရောက်ရှိကြရာ  ဆေးရုံတပ်မှူးနှင့်  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ဆေးရုံအစည်းအဝေး ခန်းမများတွင် ဆေးရုံတပ်မှူးများက ဆေးကုသမှုဆိုင်ရာအခြေ အနေများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား မေးမြန်းအား ပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးများက  လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်  အသည်းအထူးကု ဆေးရုံသို့ သွားရောက်၍ (၇၅)နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် တပ်မတော်၌ပထမဆုံး အကြိမ်အဖြစ်  အသည်းအစား ထိုးခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာနှစ်ဦးကို  သွားရောက်ကြည့်ရှု အားပေးစကား  ပြောကြားပြီး စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အဆိုပါ အသည်းအစား ထိုးခွဲစိတ်ကုသ မှုကို အောင်မြင်စွာ  ဆောင်ရွက်နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများကို လည်းကောင်း ပေးအပ်သည်။

 

အောင်မြင်စွာ ခွဲစိတ်ခဲ့

အသည်းအစားထိုးကုသမှုတွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် ၎င်း၏ အသည်းအလှူရှင် ဖြစ်သည့် ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာ၊ အသည်းအစားထိုးကုသသူ ဒေါ်ခင်သူဇာမျိုးနှင့် ၎င်း၏ အသည်းအလှူရှင် အစ်မဖြစ်သူ ဒေါ်ကေသီမြင့်တို့ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူနာများနှင့် အလှူရှင်များမှာ အောင်မြင်စွာ  ခွဲစိတ်ခဲ့ပြီးနောက် ရက်ပေါင်း ၃၀ နှင့်  ၃၁ ရက် ရောက်ရှိသည့်  ကာလအတွင်း လူကောင်းပကတိဖြစ်သည်အထိ ကျန်းမာပျော်ရွှင်လျက်ရှိပြီး သက်ဆိုင်ရာအသည်းအထူးကု ဆရာဝန်ကြီးများ၏ အနီးကပ်ပြုစုစောင့်ရှောက်မှု မလိုအပ်တော့ သည့် အခြေအနေဖြစ်သော်လည်း  ပါရဂူကြီးများနှင့် ဆေးမှူးများက မွန်မြတ်သောစေတနာဖြင့် ပိုမို စိတ်ချကောင်းမွန်စေရန်အတွက် ဆက်လက်၍ ကြည့်ရှုစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)