နေပြည်တော်  ဧပြီ  ၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်  အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရုံးသို့ ရောက်ရှိရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်တာဝန်များအပေါ်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့်  စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

 

လှည့်လည်ကြည့်ရှုစစ်ဆေး

 

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ၅၅ ဧက  တည်ဆောက်ထားရှိမှု အခြေအနေ၊ ရာသီသီးနှံနှင့်  မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှု၊ Green  House အတွင်း စိုက်ပျိုးထားရှိမှုနှင့် ကျောက်စိမ်း  တစ်သျှူးငှက်ပျော (သီးမွှေး) စိုက်ပျိုး ထားရှိမှု၊ DYL မျိုးမြင့်  သားပေါက်ဝက်များနှင့် မြေစိုက်ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊  နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှု၊ လား၊ မြည်းမွေးမြူထားရှိမှုတို့ကို လှည့်လည်  ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်အသား၊  ငါး၊  အသီးအရွက်များအား  တပ်ရင်း/တပ်ဖွဲ့များရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာ ရရှိနိုင်ရန်နှင့်  ပိုလျှံပါက နိုင်ငံ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးအတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့် အညီ ဒေသတွင်းစံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ် ထွန်းအောင် ရည်မှန်းချက်ထား၍ မရပ်မနား ကြိုးပမ်းဆောင်ရွက်သွားရန်  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                       

 

သတင်းစဉ်