နေပြည်တော်၊ ဖေဖော်ဝါရီ - ၅
(၇၅)နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစား ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းဦးတို့က (၇၅) နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅) နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅) နှစ်မြောက် စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကာလတွင် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့စဉ်က တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် ဆက်သွယ်ရေး တပ်ဖွဲ့၏ (၇၅) နှစ်မြောက် စိန်ရတုနေ့ ရက်မြတ် အခါသမယပင်ဖြစ်ကြောင်း၊ တပ်မတော်စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ ဆက်သွယ်ရေး တပ်ဖွဲ့အနေဖြင့် “မြန်ရမည်၊ မှန်ကန်သေချာရမည်၊ လုံခြုံမှုရှိရမည်၊ အီလက်ထရောနစ်စစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အကောင်းဆုံး ကျေပွန်အောင် စွမ်းဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ဆက်သွယ်ရေးတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက ဒုတိယကမ္ဘာစစ် မတိုင်မီ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် စတင်အခြေတည်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ၁၉၃၇ ခုနှစ် ပါကစ္စတန်နိုင်ငံတွင် ဖွင့်လှစ်သည့် ဆက်သွယ်ရေးသင်တန်း တက်ရောက်ခဲ့ပြီး ပြန်လည် ရောက်ရှိလာသည့် စစ်သည် ၃၀ ကို အမာခံထားကာ ၁၉၃၉ ခုနှစ်တွင် ယခု ပြင်ဦးလွင် ဟုခေါ်သည့် မေမြို့တွင် မြန်မာ့အချက်ပြ ဆက်သွယ် ရေးတပ်(Burma Signals)ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်အတွင်းတွင် အချက်ပြဆက်သွယ်ရေးတပ်ကို အချက်ပြ ဆက်သွယ်ရေး အတတ်သင်တပ်ခွဲ (မေမြို့) နှင့် အချက်ပြဆက်သွယ်ရေးတပ်ခွဲ (မင်္ဂလာဒုံ) အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပေါ်လာသည့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများသည် ၁၉၄၉ ခုနှစ် ဝန်းကျင်တွင် အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရဟုပင် ခေါ်ဆိုခံရသည့်အခြေအနေအထိ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ ဆက်သွယ်ရေးစက်ပစ္စည်း အမြောက်အများ ဆုံးရှုံးခဲ့ပြီး ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် မြန်မာပြည်အနှံ့အပြား ဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ရကြောင်း။
ထိုသို့သောအခြေအနေတွင် ကျန်ရှိသည့်အချက်ပြဆက်သွယ်ရေး အရာရှိ၊ စစ်သည်အနည်းငယ်သည် ပျက်စီးဆုံးရှုံးခဲ့သည့် ဆက်သွယ်ရေး စက်ပစ္စည်းများကို မနားမနေ ကြိုးစားပြုပြင်ပြီး အဆက်အသွယ် ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ကြောင့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး ရေဒီယိုဆက်သွယ်မှုများ ပြန်လည်ရရှိခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး ဆက်သွယ်မှုပြန်လည်ရရှိခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်သည် ဆက်သွယ်ရေးတပ်ဖွဲ့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် “ဆက်သွယ်ရေးတပ်ဖွဲ့နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီးနောက် တိုးချဲ့ဖွဲ့စည်းလာသည့် ဆက်သွယ်ရေးတပ်များကို ကွပ်ကဲနိုင်ရန်အတွက် ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အချက်ပြဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ကာ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း။
ဆက်သွယ်ရေးတပ်ဖွဲ့သည် နိုင်ငံတော်အတွက် အရေးပေါ်အခြေအနေ ကြုံတွေ့လာသည့်အချိန်တိုင်း အဓိကပင်မ တာဝန်ဖြစ်သည့် ဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်ခြင်းသာမက ရုပ်သံလွှင့် ကဏ္ဍများတွင်လည်း ဝင်ရောက်ဆောင်ရွက် ပေးနိုင်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ကြောင်း။
နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဂီရိဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၂၃ ခုနှစ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းများ အဆင်ပြေစေရေး အခက်အခဲများ ကြားမှ ဆက်သွယ်မှုရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း။
ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါရုံသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Fiber Optic Network ကိုတည်ဆောက်နိုင်ခဲ့ပြီး စစ်ဘက်၊ နယ်ဘက်နှစ်ရပ်လုံးတွင် အသုံးပြုနိုင်ခဲ့သည့်အတွက် Information Communication Technology ဟုခေါ်သည့် ICT ကဏ္ဍတွင် တစ်ဟုန်ထိုး တိုးတက်မြင့်မား လာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။
ထို့အပြင် ဆက်သွယ်ရေးတပ်ဖွဲ့အနေနှင့် မျက်မှောက်ခေတ် စစ်ပွဲများတွင် မရှိမဖြစ် အရေးပါသည့် Electronic Warfare (EW) အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက်ကိုလည်း ကြိုးစားလေ့ကျင့် တည်ဆောက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။
ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များသည် (၇၅) နှစ်တာကာလအတွင်း အထက်က ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် စည်သူဘွဲ့ ၁ ဦး၊ ပြည်ထောင်စုဇာနည်ဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၇ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၂၇ ဦး အပါအဝင် ဂုဏ်ထူးဆောင်တံဆိပ်၊ စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ်နှင့် နည်းပညာဆိုင်ရာ ဂုဏ်ပြုဆုရရှိသူ စုစုပေါင်း ၁၆၈ ဦး ရရှိခဲ့သည့် မှတ်တမ်းကောင်းများကိုလည်း ဂုဏ်ယူဖွယ်ရာ ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ဆက်သွယ်ရေးတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စိန်ရတုကာလ ပြည့်မြောက်ခဲ့သည့် ဆက်သွယ်ရေးတပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍ တပ်မတော်၏ အားထားရသည့် လက်ရုံးတပ်ဖွဲ့ဖြစ်အောင် အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ တပ်မတော်အတွက် အသက်သွေးကြောပမာ အရေးကြီးသည့် ဆက်သွယ်မှု နည်းပညာများကို အရှိန်အဟုန်နှင့် ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်း နှင့် ဆက်သွယ်ရေးတပ်ဖွဲ့၏ (၇၅)နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့မှသည် နောင်လာမည့် ရတုများစွာတိုင်အောင် ဆက်သွယ်ရေးတပ်ဖွဲ့ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး က ဆက်သွယ်ရေးတပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးက (၇၅) နှစ်မြောက် စိန်ရတုဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က တက်ရောက်လာကြသည့် အငြိမ်းစား ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅) နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်