နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

နေပြည်တော် မတ် ၁၆

ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိ သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းနိုင်စိုး ၊ ဆီစက်လုပ်ငန်းရှင် ဦးလှသောင်း၊ ပြောင်းအခြောက်ခံစက်နှင့် သဘာဝမြေဩဇာထုတ်ယူခြင်း လုပ်ငန်းရှင် ဒေါ်သန်းသန်းနု၊ လွိုင်ကော်စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်ထွန်း၊ ကယားပြည်နယ် ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးသိန်းလွင်၊ စိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်မေသူဇော်နှင့် ကြက်၊ ဝက် မွေးမြူရေးလုပ်ငန်းရှင် ဦးခွန်ကျော်စိုးမိုးနိုင်တို့က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ လုပ်ငန်းအတွက် ချေးငွေရယူလိုမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမှု၊ သွင်းအားစုရရှိရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေး ဆောင်ရွက်လျက်ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပြန်လည်ရှင်းလင်းကြသည်။

လိုအပ်သည်များ အမြဲစီမံဆောင်ရွက်ပေး

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အမှာစကားပြောကြားရာတွင် ကယားပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အလေးထား စိတ်ဝင်စားလျက်ရှိပြီး လိုအပ်သည်များကို အမြဲစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်မြေ အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် မပြတ်ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများဖွဲ့စည်းမှုဖြင့် ရပ်တန့်နေ၍မရဘဲ လုပ်ငန်းများ အမှန်တကယ်လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ Member Card နှင့် ပတ်သက်၍ MSME လုပ်ငန်းများအပြင် အခြား လုပ်ငန်းရှင်အားလုံး ပြုလုပ်ထားရန်လိုကြောင်း၊ Member Card သည် အခွင့်အရေးများစွာရှိပြီး လေ့ကျင့်သင်ကြားမှု၊ ဈေးကွက်ရရှိမှုများအပြင် နိုင်ငံတကာအထိ ပြပွဲ၊ ပြိုင်ပွဲများတွင် ခင်းကျင်း ပြသနိုင်ရန် အခွင့်အလမ်းများရှိ၍ လုပ်ငန်းရှင်များအနေဖြင့် ပြုလုပ်ထားရန်လိုကြောင်း၊ Human Resources နှင့်ပတ်သက်၍ MSME နှင့် ဆက်နွှယ်သော ဝန်ကြီးဌာနများအလိုက် Website များ ဖွင့်လှစ်ထားရှိပြီး သင်တန်းများဖွင့်လှစ်ပေးနေမှုများကို လေ့လာကြည့်ရှုနိုင်ကြောင်း၊ စက်မှုဇုန် အတွင်း လုပ်ငန်း ၆၂ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရာတွင်လည်း ဒေသထွက်ကုန်ကြမ်းကို အခြေခံ၍ အရည်အသွေးကောင်းသည့် ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း။

ကယားပြည်နယ်၏ အဓိကထွက်ကုန်ကြမ်းများဖြစ်သော ပြောင်း၊ ဆန်မွှေး၊ ငရုတ်၊ ဖာလာ စသော ကုန်ကြမ်းများစွာရှိ၍ ၎င်းတို့ကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ One Region - One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များထွက်ရှိရာ ထုပ်ပိုးမှု အဆင့်မီအောင် မြှင့်တင်၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန်လိုကြောင်း။

နည်းပညာများရယူလိုပါက ဆောင်ရွက်ပေးမည်

မွေးမြူရေးနှင့်ပတ်သက်၍ သုံးစွဲရမည့် အရင်းအနှီး၊ အစာ ၊ ထုတ်ကုန်ဖြစ်သော နေရာ၊ လုပ်သား အတွက် စနစ်တကျ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအနေဖြင့် ကာကီကင်းဘဲ မွေးမြူရေး လုပ်ငန်းသည် နေရာ၊ အရွယ်အစား အနည်းငယ်ဖြင့် အရေအတွက်များစွာ မွေးမြူနိုင်ပြီး နေရာကျဉ်းကျဉ်း လူနည်းနည်းဖြင့် ဝန်ကျဉ်းစွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သည့် နည်းပညာများရယူလိုပါက စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆန်မွှေးနှင့် ပတ်သက်၍ ထုတ်ကုန် အရည်အသွေးသည် အရေးကြီးကြောင်း၊ ထုတ်ကုန်များသည် (Good Manufacturing Practices) နှင့် (Good Agricultural Practices) ရှိသည်နှင့် မရှိသည် ကွာခြားမှုရှိပြီး ပစ္စည်းတူသော်လည်း ဈေးနှုန်းရရှိမှုမှာ အဆမတန် ကွာခြားကြောင်း၊ ဈေးကွက်ရရှိမှု ကွာခြားသဖြင့် GMP/GAP သင်တန်း များ မဖြစ်မနေလုပ်ဆောင်သင့်ကြောင်း၊ အလားတူ နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေးအာမခံ အန္တရာယ်ကင်းရှင်းမှုအတွက် FDA လက်မှတ်သည်လည်း ပြည်ပဈေးကွက် အတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံ အရင်းမပျောက် မတည်ပေးထားကြောင်း၊ ကယားပြည်နယ်အနေဖြင့် အခြားပြည်နယ်များနှင့် တစ်ပြေးညီ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံပြည်သူများအတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း။

ကျွမ်းကျင်လုပ်သားရရှိရန် အရေးကြီး

ချေးငွေရယူမှုနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရန်မှာ အရေးကြီးကြောင်း၊ သို့မှသာ ထပ်မံလုပ်ကိုင် လိုသူများအတွက် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSME အတွက်လိုအပ်သော အဓိကအချက်မှာ အရင်းအနှီးဖြစ်ပြီး ချေးငွေရယူလိုကြောင်း၊ တင်ပြလာသည်ကို တွေ့ရကြောင်း၊ ချေးငွေတင်ပြသူများ တွင် ယခင်ကြွေးမြီကို ပေးဆပ်ရန် ကျန်သူအများစုကို တွေ့ရှိရကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက်စသော ကုန်ထုတ်လုပ်မှုအဆင့်ဆင့်အတွက် ကျွမ်းကျင်လုပ်သားရရှိရန်မှာ အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားလုံးတွင် ကုန်ကြမ်းမှ ဈေးကွက်ရောက်သည်အထိ အဆင့်လိုက်တွင် ကျွမ်းကျင်သူများ လိုအပ်ကြောင်း၊ MSME လုပ်ငန်းကော်မတီများတွင် Website များရှိ၍ သင်တန်းဆိုင်ရာ လေ့ကျင့်မှုများအတွက် တင်ပြ တောင်းခံရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းမှုများရှိခဲ့ပြီး စက်ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်မှာ အနည်းဆုံး KG+9 အဆင့် အောင်မြင်ရန်လိုကြောင်း၊ သို့မှသာ Vocational Training မှတစ်ဆင့် အဆင့်မြင့် ပညာရေးနှင့် လုပ်ငန်းခွင်များအထိ ဆက်လက်သွား နိုင်မည်ဖြစ်ကြောင်း။

နှစ်စဉ်နိုင်ငံခြားငွေများစွာ သုံးစွဲနေရ

သွင်းအားစုနှင့်ပတ်သက်၍ လုပ်ငန်းအလိုက် အမျိုးအစားများစွာရှိကြောင်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသဖြင့် ရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးမှုများရှိသကဲ့သို့ ဒေသအလိုက်ဖြစ်နိုင်သည့် နေစွမ်းအင်သုံး လျှပ်စစ်၊ ရေအားလျှပ်စစ်များ ကိုလည်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ်နိုင်ငံခြားငွေများစွာ သုံးစွဲနေရသဖြင့် ချွေတာသုံးစွဲရန် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လမ်းညွှန် မှာကြားထားကြောင်း။

MSME အဓိကဦးတည်ချက်သည် ဒေသကုန်ကြမ်းကို အခြေခံထုတ်လုပ်၍ ပြည်ပသို့ ပို့နိုင်သည်အထိ အရည်အသွေးကောင်းရန်လိုကြောင်း၊ ထိုသို့ MSME လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခြင်းဖြင့် ကုန်ကြမ်းထုတ်လုပ်သူ၊ ကုန်ချောထုတ်လုပ်သူ၊ ရောင်းဝယ်သူအားလုံး အကျိုးရှိမည် ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ရရှိသည့်အခွန်ဝင်ငွေဖြင့် ဝန်ထမ်းများအား လုပ်ခ လစာများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME သည် အဓိကအရေးကြီးပြီး Importer အဆင့်မှ ပြည်ပသို့တင်ပို့သူ Exporter အဖြစ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လက်ခံရယူသည်။

ခင်းကျင်းပြသထားမှုများကို ကြည့်ရှု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ လွိုင်ကော်မြို့ရှိ ဥတ္တရာရုံကျောင်းတိုက်သို့ သွားရောက်ကာ ရတနာသီရိကျောင်းဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များအား ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရတနာသီရိကျောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဆရာတော်ကြီးများထံသို့ သာသနာရေး ဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြပြီး ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်