နေပြည်တော် ဩဂုတ် ၁၁

 

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အမှာစကားပြောကြား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက်ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သို့သော်၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ယခင်အစိုးရမှ ကျင်းပပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ထိုသို့ကြာမြင့်ချိန်ကာလအတွင်း ပြိုင်ပွဲအချို့ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ်များနှင့် ကင်းကွာစပြုလာသလို သမ္ဘာရင့် ဝါရင့်သက်ကြီး ပညာရှင်အချို့ တိမ်းပါး ကွယ်လွန်ခဲ့ခြင်းများလည်းရှိခဲ့ကြကြောင်း၊ အခြားတစ်ဖက်တွင်လည်း ထိုကာလမတိုင်ခင်ကတည်းကပင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဆန့်ကျင်သည့် သရုပ်လွန်ဂီတများ၊ စကားလုံးကြမ်းကြမ်းဖြင့် တေးသီချင်းများ၊ ငြိမ့်ညောင်းညက်ညောမှု၏ဆန့်ကျင်ဘက်ဖြစ်သည့် လှုပ်ရှားကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခု အထိ ထိုးဖောက်ဝင်ရောက်စပြုလျက်ရှိခဲ့ကြောင်း။

 

ထိုသို့သော အခြေအနေများအကြားတွင် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်ထားသူ ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို မြတ်နိုးဖက်တွယ်ထားသူ ဝါသနာရှင် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာရေးကို အားကိုးတကြီး မျှော်လင့် ခဲ့ကြကြောင်း။

 

၂၀၂၂ ခုနှစ် မေ ၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည် ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်မှုအပြင် စည်းမျဉ်း စည်းကမ်းများနှင့်အညီ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်ပြီး အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်နိုင်ရေး အတွက်လည်း အလေးအနက်ထား မှာကြားခဲ့ကြောင်း။

 

အောင်မြင်စွာကျင်းပခဲ့

ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များဖြင့် (၂၃)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အနုသုခုမဆိုင်ရာ ရှုထောင့်အပြင် လုံခြုံရေးရှုထောင့်နှင့် ထိုစဉ်က ရောဂါလက္ခဏာ အရှိန်အဟုန် အနည်းငယ် ရှိနေသေးသည့် ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြုသည့် ကျန်းမာရေးရှုထောင့်ကပါ ပြည့်စုံစေ့စပ်စွာ ကြိုတင်စဉ်းစား ဆောင်ရွက်ခဲ့ကြသည့်အတွက် (၂၃)ကြိမ် မြောက်ပြိုင်ပွဲကြီးသည် ရွက်ပုန်းသီး အနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့် အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း။

 

ပြိုင်ပွဲဝင် အင်အားအနေဖြင့်လည်း နောက်ဆုံးပြိုင်ပွဲကြီး ကျင်းပရန် နီးကပ်ချိန်အထိ ကြိုတင်မျှော်မှန်းထားသည့် အရေအတွက်ထက် တက်ကြွစွာ ပိုမိုပါဝင်ခဲ့သည့်အတွက်လည်း ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲ အခမ်းအနားကြီးတစ်ခုကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရကျိုး နပ်သည့် ရလဒ်ပင်ဖြစ်ပါကြောင်း။

 

မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာဒြပ်ရှိဒြပ်မဲ့ အထောက်အထားများအပြင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမအစဉ်အလာများသည် အဆိုပါ နိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိက သွင်ပြင်လက္ခဏာများပင်ဖြစ်ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူထမ်းဆောင်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မ(၂၇)အရ နိုင်ငံတော်သည် အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည့်အချက်ကို လည်းကောင်း၊ ပုဒ်မ(၃၃)အရ နိုင်ငံတော်သည် လူငယ်များမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေး အခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့်အချက်ကိုလည်းကောင်း၊ ပုဒ်မ ၃၉၀ (က)အရ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်ကိုလည်းကောင်း အလေး ထားလျက်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခြိမ့်ခြိမ့်သဲသဲ အောင်မြင် စွာ ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် (၂၄)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကိုလည်း နိုင်ငံတော်အဆင့် အားလျော်စွာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ် ကြောင်း။

 

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ထို့ကြောင့် နိုင်ငံတော်က ဦးတည်ချက်ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ်ရွက်ပုန်းသီး ပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အင်ပြည့်အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင် နိုင်ကြရန်အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်း ပါကြောင်းနှင့် ယခင် (၂၃)ကြိမ်မြောက်ပြိုင်ပွဲမှ အားနည်းချက်များကို သင်ခန်းစာယူ၍ အားသာချက် များအဖြစ် ပြောင်းလဲကာ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဦးလွင်က ယခင်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။     

 

ယင်းနောက် ဦးစီးကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေး ကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများ ကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ၊ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပမည့်နေရာ အုပ်ချုပ်ရေး ဆပ် ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အကဲဖြတ်ပညာရှင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

သတင်းစဉ်