နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့တွင် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆင်နွှဲကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ၎င်းတို့တည်းခိုနေထိုင်ကြသည့် နေပြည်တော်အားကစားရွာသို့သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် နေပြည်တော်မြို့တော်ခန်းမဥပစာရင်ပြင်၌ကျင်းပမည့် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ခင်းကျင်းပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် နေပြည်တော်မြို့တော်ခန်းမလဟာပြင် ကဇာတ်ရုံ၌ သီဆိုကပြဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့် နေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါ ကပြဖျော်ဖြေကြသည့် အဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထိုသို့ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်