နေပြည်တော်၊ ဇူလိုင် ၇
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Qingdao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (SCO) ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့(Ms.Shen Yueyue) နှင့်အတူ ရှန်တုန်းပြည်နယ်ကော်မတီ အတွင်းရေးမှူး မစ္စတာ လင်းဝူ (Mr.Lin Wu)၊ ရှန်တုန်းပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး မစ္စတာ ကျိုးနိုင်ရှောင် (Mr.Zhou Naixiang)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အိမ်နီးချင်းကောင်း၊ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စဆွေလီ (Cui Li)နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံသတင်းအချက်အလက် ဖလှယ်ရယူရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖော်ဆောင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသည့် ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌက Qingdao International Conference Center ရှိ Yellow River ခန်းမ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
သတင်းစဉ်


