နေပြည်တော် ဇွန် ၃

 

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်  ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၏ ၁/၂၀၂၂ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၃၀ ရက် ရက်စွဲဖြင့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့်  စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဌာန်းပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနက အဓိက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး မူပိုင်ခွင့် ချိုးဖောက်မှုအပေါ် အကောက်ခွန် ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုတရားလွှတ်တော်ချုပ် စသည့် ဌာနများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံသူနိုင်ငံသားများအတွက် အကာအကွယ်ပေးနိုင်ရေး ပြဋ္ဌာန်းရန် အခြေခံမူအခန်း-၁၊ ပုဒ်မ - ၃၇ အပိုဒ်ခွဲ (ဂ) တွင် နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည် ဟုလည်းကောင်း၊ အခန်း(၈) ၊ ပုဒ်မ-၃၇၂ တွင် ဤဖွဲ့စည်းပုံပါ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံ၍လည်းကောင်း တာဝန်ပေးထားပြီးဖြစ်ကြောင်း။

 

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ Globalization ခေတ်တွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၊ ဌာနဆိုင်ရာများ၊ စွန့်ဦးတီတွင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက်ပါ မူပိုင်ခွင်ဆိုင်ရာ ကိစ္စရပ်များသည် ပိုမိုအရေးပါပြီး အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေမည်ဖြစ်ကြောင်း၊ ထိုပြင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော နိုင်ငံတော်တွင် တီထွင်ဖန်တီးမှုကို အခြေပြုသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာနိုင်စေရေး ဆောင်ရွက်ရာတွင် မူပိုင်ခွင့်စနစ် ကျင့်သုံးခြင်းသည် များစွာအထောက် အကူပေးနိုင်မည်ဖြစ်ကြောင်း။  

 

မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်ပါ လုပ်ငန်းစဉ်များတွင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်းကို ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကဏ္ဍတွင် လုပ်ငန်းစဉ် တစ်ခုအနေဖြင့် ချမှတ်ထားသည်ကို တွေ့ရကြောင်း၊  ထို့ကြောင့်နိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ် တစ်ရပ်ထူထောင်ခြင်းသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်ကို လက်ခံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် ကို လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုလည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

အာဆီယံစီးပွားရေး အသိုက်အဝန်းပါ အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်း စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှုများ တိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို ဖော်ဆောင်ကျင့်သုံးနေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားသော အဖွဲ့ဝင်နိုင်ငံများနည်းတူ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီး မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံစီးပွားရေး အသိုက်အဝန်းပါ လုပ်ငန်းစဉ်များအရ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်များ သို့လည်း ဝင်ရောက်ရန် ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်တွင် ကျင့်သုံးဖော်ဆောင်မည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတကာက သတ်မှတ်ထားသည့်စံများနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့  နိုင်ငံ၏လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ () ရပ်ကို အကောင်အထည်ဖော်ရာတွင် စနစ်တကျ အကျိုးသက်ရောက်မှု ရှိစေရေးအတွက်  ဥပဒေတစ်ခုပြီးမှတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ရှိဝန်ကြီးဌာနများအပြင်  မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် အေဂျင်စီတို့တွင် တာဝန်ပေးအပ်မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မူပိုင်ခွင့်ဥပဒေများတွင် ဖော်ပြထားကြောင်း၊ ဗဟိုကော်မတီအနေဖြင့်   မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်မည့်  မူဝါဒများ၊ မဟာဗျူဟာများနှင့်  လုပ်ငန်းစီမံချက်များကို လမ်းညွှန် ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီကချမှတ်သည့်  လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ရာတွင် လိုအပ်မည့်အမိန့် ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရန် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်း ရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း။

 

ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင်ပါဝင်သော တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မိမိတို့ပါဝင် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုကဏ္ဍများ၊ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူအတူ လက်တွဲ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြဟု တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က မူပိုင်ခွင့်စနစ်တစ်ရပ် ပေါ်ပေါက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး မူပိုင်ခွင့် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဗီဒီယိုကို ပြသသည်။

 

ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၂) သို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစာတစ်ခုချင်းအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

 

ယင်းနောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသန်းအောင်ကျော်၊ ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွှန့်၊ ဦးညွန့်အောင်၊ ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုကြ သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

 

သတင်စဉ်